CNI International News
ဘေဂျင်း၊ ဧပြီ ၂၅
အမေရိကန်သည် ယခုလအစောပိုင်းက B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို ဂျပန်သို့ စေလွှတ်ခဲ့ပြီး စစ်အင်အားတိုးမြှင့်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်မှုသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုထက် ပိုမိုကြီးမားသည့် ရည်ရွယ်ချက်ရှိနိုင်ကြောင်း စစ်ရေးအကဲ ခတ်များက ထောက်ပြလျက်ရှိသည်။
အသံထက် ပိုမိုမြန်ဆန်သည့် B-1B လေယာဉ်သည် တာဝေးပျံသန်းနိုင်ခြင်း၊ ကြီးမားသည့် ဒုံးလက်နက်များ တပ်ဆင်နိုင်ခြင်းတို့ကြောင့် လူသိများထင်ရှားသည်။
ထိုလေယာဉ်များသည် လာမည့် လအနည်းငယ်ကြာသည့် အချိန်ကာလတစ်ခုအထိ ဂျပန်၏ မီဆာဝါ (Misawa) လေတပ်စခန်းတွင် စစ်ဆင်ရေးတာဝန်ဖြင့် ပျံသန်းမည်ဖြစ်သည်။
ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းအားဖြင့် ဂျပန်၏ အိုကီနာဝါ(Okinawa) ကျွန်းမှစပြီး ထိုင်ဝမ်နှင့် ဖိလစ်ပိုင် တို့အထိရှိသည့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုများတွင် ဂျပန်၏ အခန်းကဏ္ဍကို ပိုမိုမြင့်တက်စေမည် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
အဆိုပါ ပစိဖိတ်ကျွန်းစုကွန်ရက်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်စစ်တပ်၏ လှုပ်ရှားမှုများကို ထိန်းချုပ် ကန့်သတ်ရန် အမေရိကန်၏ မဟာဗျူဟာများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်သည် ပစိဖိတ်ဒေသ၌ စစ်အင်အားတည်ရှိမှုကို တိုးမြှင့်လာခဲ့သည်။
ယခုတွင် B-1B လေယာဉ်များနှင့် အခြားလက်နက်များ ဖြန့်ကြက်ချထားမှုသည် လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် ဥရောပ၊ နေတိုးအဖွဲ့တို့နှင့် လက်တွဲဖြုတ်လိုပြီး ပစိဖိတ်ဒေသနှင့် တရုတ်ကို ပိုမိုအာရုံစိုက်နေသည့် လက္ခဏာဟု ယူဆနိုင်ကြောင်း ဩစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုမှ ထိပ်သီး ကျွမ်းကျင်သူ မယ်လ်ကွမ် ဒေးဗစ် (Malcolm Davis) က ပြောကြားခဲ့သည်။
“အခုအခြေအနေအရ ထရမ့်အစိုးရဟာ ဥရောပမှာ ထားရှိတဲ့ ကတိကဝတ်တွေကို လျှော့ချလိုက်မယ်ဆိုရင် တောင်မှ အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို လျှော့ချမှာ မဟုတ်ဘူး ဆိုတာကို တရုတ်ကသိအောင် အချက်ပြလိုက်တာ ဖြစ်နိုင်ပါတယ်”ဟု ဒေးဗစ်က ပြောကြားခဲ့သည်။
Source: South China Morning Post