CNI International News

တိုကျို၊ ဧပြီ ၂

အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် တရုတ်၏ စစ်နှင့်ငြိမ်းချမ်းရေးအကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Gray Zone နည်းဗျူဟာကို ဖြေရှင်းရန် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ညီလာခံကို ယခုလအတွင်း ပြုလုပ်မည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဧပြီ ၁၁ ရက်တွင် ဝါရှင်တန်၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ(Ferdinand Marcos Jr.) တို့ကို ဧည့်ခံတွေ့ဆုံပြီး သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

ထိုသုံးပွင့်ဆိုင် အဖွဲ့သည် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပါဝင်သည့် Quad အဖွဲ့၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ပါဝင်သည့် AUKUS အဖွဲ့တို့နှင့်မတူညီသလို သီးသန့်ပေးထားသည့် အဖွဲ့နာမည်လည်း မရှိပေ။

မာကို့စ်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေများကြောင့် အမေရိကန်သည် ၎င်း၏ မဟာမိတ်အင်အားကို တိုးချဲ့သည့်အနေဖြင့် ဒေသတွင်းနိုင်ငံများကို ပိုမိုစည်းရုံးလာခြင်း ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

တရုတ်ကလည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ၏ ရန်လိုသည့် လုပ်ဆောင်မှုများကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ပူးတွဲ ရေတပ် ကင်းလှည့်မှုများကို ပြုလုပ်မည်ဖြစ်သည်။ 

တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို တွေ့ရစဉ်

ထိုပူးတွဲ ကင်းလှည့်မှုများနှင့်ပတ်သက်ပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်မည့် သုံးပွင့်ဆိုင်ညီလာခံ၌ အမေရိကန်၊ ဂျပန်နှင့်ဖိလစ်ပိုင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရရှိဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့် သူများက သုံးသပ်ခဲ့ကြသည်။

ဂျပန်နှင့်ဖိလစ်ပိုင် အပါအဝင် အမေရိကန်၏ မဟာမိတ်များ အနေဖြင့် အမေရိကန်၏ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုများကို သတိထားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးတက္ကသိုလ်မှ ပါမောက္ခတစ်သီးဖြစ်သူ လီဟိုင်တုံ (Li Haidong) က သတိပေးခဲ့သည်။

Source: Nikkei Asia