CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း၏ ခရီစဉ်နောက်ပိုင်း မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲ များ လျော့ကျသွားနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲလျော့ကျခြင်း ရှိ/မရှိမှာ တရုတ်နှင့် KIA၊ AA တို့၏ ဆက်ဆံရေးအပေါ် မူတည်ကြောင်း၊ လက်ရှိ အနေအထားအရ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာမည်ဟု မြင်မိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်း က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်နဲ့ KIA ရဲ့ ဆက်ဆံရေးအပေါ်မှာလည်း မူတည်တယ်၊ နောက်တစ်ချက်ကတော့ AA နဲ့ တရုတ်ရဲ့ ဆက်ဆံရေးအပေါ်မှာလည်း မူတည်ပါတယ်။ တိုက်ပွဲလျော့ကျမယ်၊ မလျော့ကျဘူးဆိုတာကတော့ အဲဒီအပေါ်မှာ မူတည်တယ်၊ နောက်တစ်ခုကတော့ KIA နဲ့ စကစနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်၊ တဟုန်ထိုးပဲ မနေ့ကလည်း ဆွမ်ဘရာဘွမ်ဖက်မှာ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အခြေအနေမျိုးနဲ့ဆိုရင် ကျနော်မြင်တာကတော့ နားဖို့ဆိုတာထက် KIA အနေနဲ့ တိုက်မယ့်သဘောပဲ တွေ့မြင်နေရတယ်၊ တိုက်ပွဲက ပိုမိုပြင်းထန်လာဖို့ပဲ မြင်တယ်၊ ဒါက‌တော့ စကစနဲ့ KIA ရဲ့အကြားထဲမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ KIA ရဲ့ ထိုးစစ်ဟာ အခု မရပ်မနား တမ်း ထိုးစစ်ဆင်နေတဲ့ သဘောဖြစ်နေတော့ ဒီဟာကတော့ စကစနဲ့ KIA အပေါ်မှာ‌တော့ လျော့ကျသွားဖို့ဆိုတာ ထက် တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုဟာ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။

KIA ကို တွေ့ရစဉ်

နစကနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံမှုတွင် နယ်စပ်ဒေသနှင့် ပြည်တွင်း တည်ငြိမ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများ၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်- မြန်မာနယ်စပ်အနီး လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ့တပ်မ တော် စစ်စခန်းများနှင့် မြို့များကို သိမ်းပိုက်ခဲ့သည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးတွင် မြန်မာ့တပ်မတော်သည် စစ်စခန်းပေါင်း ၁၀၀ ကျော် လက်လွတ်ခဲ့ရသလို လောက်ကိုင်၊ ကုန်ကြမ်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်လုံ၊ ဟိုပန်၊ ပန်ဝါ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကိုလည်း လက်လွတ်ခဲ့ရသလို နယ်စပ်ကုန်သွယ်ရေးများလည်း ရပ်တန့်လျက်ရှိသည်။

 AA ကို တွေ့ရစဉ်

ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်း၍ ကချင် ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ဆွမ်ဘရာဘွမ်၊ လွယ်ဂျယ် စသည့် မြို့နယ်များအတွင်းက အရေးကြီးသော မြန်မာ့တပ်မတော်၏ စစ်စခန်းများကို သိမ်းပိုက်ထားသည်။

တခြားတစ်ဖက်မှာလည်း AA က ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ စသည့် မြို့နယ်များကို သိမ်းပိုက်ထားပြီး မြန်မာ့ တပ်မတော်၏ စစ်စခန်းများစွာကိုလည်း သိမ်းပိုက်ခဲ့သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေး၊ ကချင်-တရုတ် နယ်စပ်ကုန်သွယ်ရေး၊ ရှမ်း-တရုတ်နယ်စပ်ကုန် သွယ်ရေးများ ရပ်တန့်နေပြီး ပြည်တွင်းမှာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

AA၊ TNLA၊ MNDAA၊ KIA တို့သည် တရုတ်၏ သြဇာဖြင့်လွတ်ကင်းမှုမရှိသလို ယခုဖြစ်ပွားနေသော တိုက်ပွဲများ တွင် တရုတ်က ကျောက်ထောက်နောက်ခံပေးထားသည်ဟု မြန်မာနိုင်ငံအတွင်းက စစ်ရေးလေ့လာစောင့်ကြည့် သူများက ပြောသည်။