CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် နာဂလူမျိုးများကို ဖမ်းဆီး၍ စစ်သားစုဆောင်းခြင်းနှင့် နာဂလက်နက် ကိုင် NSCN-K/YA အဖွဲ့မှ အဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းက နာဂလူမျိုးများအပေါ် စစ်ကြေညာနေခြင်းလားဟု နာဂကျောင်းသားများအဖွဲ့(NSO)က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် ထုတ်ပြန်၍ မေးခွန်းထုတ်လိုက်သည်။

KIA သည် အင်အား အလုံးအရင်းဖြင့် တနိုင်းမြစ်အနောက်ဘက်ရှိ တလူးနှင့် Lungyone ကျေးရွာအနီး နာဂ ဘိုးဘွားနယ်မြေတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က ရောက်ရှိလာပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့မှ အဖွဲ့ဝင် ၁၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်းက နာဂလူမျိုးများအပေါ် စစ်ကြေညာခြင်းလော သို့မဟုတ် နာဂတို့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်နေခြင်းလောဟု  NSO မေးခွန်းထုတ်ခဲ့သည်။

NSO က “မကြာသေးမီ နှစ်များအတွင်း အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် KIA ၏ အကြိမ် ကြိမ် ရန်စမှုများသည် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ် များစွာခြိမ်းခြောက်မှု ဖြစ်စေခဲ့ကြောင်း၊ ရာနှင့်ချီသော နာဂလူငယ်များသည်  ပညာရေး၊ ကျန်းမာရေး အပါအဝင် လုပ်ငန်းကိစ္စနဲ့ ကချင်ပြည်နယ်သို့ ခရီးသွားရောက်သည့် အခါတွင်လည်းကောင်း၊ ရွှေမှော်၊ ကျောက်မှော်များနဲ့ ကချင်ပြည်နယ် နယ်စပ်ရှိ နာဂရွာများမှလည်းကောင်း ၎င်းတို့၏ ဆန္ဒမပါပဲ KIA ရဲ့ စစ်သားစုဆောင်းမှုခံကြခဲ့ရပြီး အချို့မှာ သတင်းအစအနပင် မရရှိတော့ဘဲ အချို့မှာ စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းသည် ငြိမ်းချမ်းခြင်းကို ချစ်မြတ်နိုးသော နာဂလူမျိုးအား စော်ကားခြင်း လုပ်ရပ်ပင်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

 နာဂကျောင်းသားများအဖွဲ့(NSO)ထုတ်ပြန်ချက်ကို တွေ့ရစဉ်

KIA ၏ အဆိုပါ ရန်စသည့် လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊  နာဂတပ်ဖွဲ့ဝင်များအား ချက်ချင်း လွှတ်ပေးရန်နှင့် သိမ်းဆည်းသွားသည့် လက်နက်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှဲပြောင်း ပေးရန်တောင်းဆိုကြောင်း ၎င်းတို့က ပြောသည်။

ထို့နောက် အဆိုပါ တောင်းဆိုမှုအား ထပ်မံ နှောင့်နှေးမည်ဆိုပါက ပဋိပက္ခကို အရှိန်မြှင့်မှုအဖြစ် ရှုမြင်မည် ဖြစ်ကြောင်း၊ KIA ၏ ရန်လိုမှုများ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများအားလုံးကို KIA မှ တာဝန်ယူရမည်ဖြစ်ကြောင်း နာဂကျောင်းသားများအဖွဲ့(NSO)က ထုတ်ပြန် ပြောကြားခဲ့သည်။

KIA ၏ ထိုကဲ့သို့သော ရန်စမှုများကြားမှ နာဂလူမျိုးများသည် လက်တုံ့မပြန်ပဲ သည်းခံမှုကို ပြသခဲ့ကြောင်း၊ ကချင် ခေါင်းဆောင်များသည် မဟာမိတ်ဖြစ်ခြင်းကို အမှတ်ရကာ ငြိမ်းချမ်းမှုအား ဖော်ဆောင်လာရန် မိမိတို့အနေဖြင့် မျှော်လင့်ခဲ့သော်လည်း အဆိုပါ မျှော်လင့်ချက်သည် ပိုမိုကျည်းမြောင်းလာကြောင်း နာဂကျောင်းသားများအဖွဲ့ (NSO)က ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် မိမိတို့သည် ကချင်ပြည်နယ်ရှိ KIA ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဖြစ်ပေါ်နေသော ကိစ္စများအား ဆွေးနွေးရန် သွားရောက်ခဲ့သော်လည်း တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ရှိ KIA တပ်ဖွဲ့က KIA ဌာနချုပ်သို့ သွားရောက်ရန် ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃-၁၄ ရက်များတွင် KIA အရာရှိ ငယ်များဖြင့် ဆွေးနွေးခဲ့သော်လည်း အဖြေမရပဲ ပြန်လာခဲ့ရကြောင်း၊ သို့သော် KIA ၏ ရန်လိုမှု လုပ်ရပ်များသည် ပိုမိုဆိုးဝါးလာကြောင်း NSO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NSCN-K/YA အဖွဲ့ကိုတွေ့ရစဉ်

KIA သည် နာဂလူမျိုးများအပေါ် ၂၀၂၁ ခုနှစ်က စတင်ကာ ပိုမိုလူသစ်စုဆောင်းလာခဲ့ပြီး ကချင်ပြည်နယ်အတွင်း နေထိုင်သော နာဂလူငယ်များ သာမက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ပန်ဆောင်၊ လဟယ်၊ ဒုံဟီး စသော မြို့နယ်များအထိ ဖမ်းဆီးမှုများ ရှိလာသည်ဟု သိရသည်။

KIA သည် နာဂလူမျိုးများကို ၂၀၂၃ ဖေဖော်ဝါရီလမှ စက်တင်ဘာလအတွင်းမှာ လူပေါင်း ၃၀၀ ဝန်းကျင် စစ်သား စုဆောင်းခဲ့သည်ဟု နာဂဒေသခံများက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်ကလည်း တနိုင်းမြို့နယ်၊ ရှင်ဗွေယန်ဒေသတွင်းရှိ ကျေးရွာအချို့တွင် KIA တပ်ဖွဲ့သည် နာဂလူမျိုးများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း တက်၍ လူငယ်များကို ဖမ်းဆီးမှုပြုလုပ်ခဲ့ ကြောင်း နာဂဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၂) လှုပ်ရှားလျက်ရှိကြောင်း သိရသည်။