CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲ ဖွဲ့စည်း သွားရန် ဆွေးနွေးသဘောတူညီခဲ့ကြပြီး နိုင်ငံကနေ ခွဲမထွက်ဘူးဟု ကတိပြုခဲ့ကြသည်ဟု ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး တွေ့ဆုံပွဲမှာ သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က မြိုင်ကြီးငူအထူးဒေသ အေးလင်းမြရှင်ဓမ္မာရုံမှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် အဓိက ဆွေးနွေးခဲ့သော အချက်များမှာ (၁) BGF တပ်ဖွဲ့သည် KNU မှ ဖြစ်ပေါ်လာသည့် ဘာသာ ရေးတပ်ဖွဲ့ဖြစ်၍ ဘာသာရေးကို အသက်ပေးပြီး ကာကွယ်စောင့်ရှောက်မည်၊ (၂) ကရင်ပြည်နယ်၊ ကရင်လူမျိုးနှင့် တိုင်းရင်းသား ညီအစ်ကိုများကိုလည်း ကာကွယ် စောင့်ရှောက်ရေး၊ (၃) မြန်မာနိုင်ငံကနေ ဘယ်သောအခါမှ ခွဲမထွက်အကြောင်း သံဓိဋ္ဌာန်ပြုရေး၊ (၄) ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလည်း ဦးစားပေး ဆောင် ရွက်သွားရေး၊ (၅) ကရင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရေး၊ (၆) BGF ကနေ KNA ကို အသွင် ကူးပြောင်း သွားမည့် ကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်ကြီးများအား အသိပေး တင်ပြခြင်း၊ (၇) KNA အသွင် ကူးပြောင်းရေးကို ဆရာတော်၊ သံဃာတော်ကြီးများ၏ အမြင်သဘောထား အကြံပြု၊ အကြံပေးနိုင်ပါရန် တင်ပြ ခြင်း စသည့် အချက်များ ဖြစ်ကြောင်း ဆွေးနွေးပွဲ၌ ပါဝင်သူတစ်ဦးက ထုတ်ပြန် ရေးသားခဲ့သည်။

အဆိုပါ အချက် ၇ ချက်ကို BGF ခေါင်းဆောင်များ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီးနောက် အချက် ၃ ချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

ထိုအချက် ၃ ချက်မှာ (၁) BGF မှ KNA သို့ အသွင်ကူးပြောင်းခြင်းကို သဘောတူသည်၊ (၂) KNA သည် နိုင်ငံတော်မှ ခွဲမထွက်ကြောင်း(ခွဲထွက်မည် မဟုတ်ကြောင်း) သဘောတူသည်၊ (၃) ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန် သဘောတူသည် တို့ဖြစ်သည်။

ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့သော ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ သံဃာတော် ၄၇ ပါး၊ ကရင်နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖ ၉ ဦး၊ ကရင် BGF မှ ခေါင်းဆောင်ပိုင်းနှင့် တပ်မှူးများ ၁၈ ဦး၊ လှိုင်းဘွဲမြို့နယ်က ရပ်/ကျေး အုပ်ချူပ်ရေးမှူး ၇၉ ဦး၊ ကျေးရွာ အသီးသီးမှ ရပ်မိရပ်ဖများ  ၂၉၂ ဦး စုစုပေါင်း ၄၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။