CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပူးတွဲ၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအ ရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့မှ အဆင့်မြင့် ခေါင်း ဆောင်များ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံ ဆွေးနွေးပြီးနောက် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ တွေ့ဆုံစဉ် ကရင်ပြည်နယ်၏ လက်ရှိ စစ်ရေး/နိုင်ငံရေး အခြေအနေ အရပ်ရပ် အပေါ် လေ့လာသုံးသပ်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခပေါင်းစုံကို ဖြေရှင်း နိုင်မည့် ဒီမိုကရေစီနည်းလမ်းကျသော ပြည်သူ့ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွန်းစေလျက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့်အပြင် ကရင်ပြည်နယ်နှင့် ပြည်သူများ၏ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မည်ဟု ယူဆကြကြောင်း BGF,DKBA,KNU/KNLA-PC တို့ပူးတွဲ ထုတ်ပြန် ခဲ့သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ကရင်လက်နက်ကိုင် ၃ ဖွဲ့ပူးတွဲထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းပူးတွဲထုတ်ပြန်ချက်တွင် “အဆိုပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ဆန္ဒပြုကြမည့် ဒေသခံ ပြည်သူများ လွတ်လပ်သော သဘောဆန္ဒအရ ပူးပေါင်း ပါဝင်နိုင်မှုကို အလေးထား အသိအမှတ်ပြုကာ ဒီမိုကရေစီစံချိန်စံညွှန်းများကို လေးစားတန်ဖိုးထားလျက် လွတ်လပ်သောဆန္ဒဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲ ပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ပြည်သူတို့၏ တည်ငြိမ်အေးချမ်းသော ဘဝကို ဖော်ဆောင်နိုင်စေရန်အတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ PDF ပူးပေါင်းအဖွဲ့များနှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ထို့နောက် KNU က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ကရင်တစ်မျိုး သားလုံး ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန်၊ ထိုရွေးကောက်ပွဲသည် မြန်မာ့တပ်မတော် အလိုကျ ပုဂ္ဂိုလ်များ ရွေးချယ် သည့် ပွဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကိုတွေ့ရစဉ်
အလားတူ တချို့သော တိုင်းရင်းသားလက်နက်ကိုင်များ၊ NUG၊ CRPH၊ NUCC၊ PDF များကလည်း လာမည့် ရွေး ကောက်ပွဲအား မပျက်ပျက်အောင် ဖျက်ဆီးမည်ဖြစ်ကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တခြားတစ်ဖက်မှာတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့ သည်။
အဆိုပါ ဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးနှင့် လူ သေဆုံးအောင်လုပ်လျှင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အနည်းဆုံး တစ်သက်တစ်ကျွန်းအပြင် သေဒဏ်ထိ ချမှတ်နိုင်သည်။