CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ကရင်လက်နက်ကိုင် ၄ ဖွဲ့သည် အနာဂတ်တွင် မလွှဲမသွေ ပေါင်းစည်းရမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းပါက ကရင်လူထု အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ များလည်း ဝမ်းသာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်က “အဲဒါ အသေးစိတ် ဆွေးနွေးခြင်းတော့ မရှိဘူး။ မဝေးသော အနာဂတ်မှာတော့ ကရင်အလံတော်အောက်မှာ တစ်ခုတည်း စုပေါင်းဖို့ ရှိတယ်လေ။ တိုင်းပြည်ရဲ့ မဝေးသော အနာဂတ်မှာတော့ မလွှဲမသွေ စုပေါင်းရမယ်လေ၊ အဲဒါတွေတော့ ရှိတယ်နော်၊ ကိုယ့်လူမျိုး အချင်းချင်း ပေါင်းတာတော့ ပြဿနာ မရှိဘူးလေ။ ကိုယ့်လူမျိုး အချင်းချင်း ပေါင်းတာဆိုတာလည်း ပိုပြီးတော့ ဝမ်းသာရမှာပေါ့ဗျာ။ ကောင်းပါတယ်။ ကရင်လက်နက်ကိုင်တွေ တစ်ခုတည်းသော ညီညီညွတ်ညွတ် ပေါင်းစည်းမှု အကောင်အထည် ဖော်နိုင်တယ် ဆိုလို့ရှိရင် ဒေသခံပြည်သူလူထုတွေ၊ ကရင်လူမျိုးတွေ၊ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဒေသခံတွေ ဝမ်းသာမှာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ တစ်ခုတည်း ဖြစ်သွားတော့ သက်သက်သာသာ ရှိတာပေါ့ဗျာ၊ အဖွဲ့များတော့လည်း ဂိတ် တွေများတယ်၊ ဂိတ်တွေများတော့ အကောက်ခွန်တွေ များတယ်ဆိုရင် လူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာ ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာတွင် ကရင်လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနဲ့ ဒေသခံများ တွေ့ဆုံ ဆွေးနွေးနေစဉ်

ကရင်လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ လက်ရှိ တိုင်းပြည် အခြေအနေမှာ ရှုပ် ထွေးနေခြင်းကြောင့် တိုင်းပြည်တည်ငြိမ်မှ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဦးဆောင်ကာ DKBA၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA/PC)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) စသည့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် ဒေသခံလူထုများဖြင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU ဘက်က ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ တက်ရောက်ခဲ့သလို KNU/KNLA-PC မှ ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်က “ကရင်လက်နက်ကိုင် အချင်းချင်းကတော့ ပူးပေါင်း လုပ်ဆောင်တာ ကြာပြီ။ ဟိုးလွန်ခဲ့တဲ့ ၂၀၁၃ ကနေပြီးတော့ ညီညွတ်ရေးကော်မတီ တည်ဆောက်ထားတာ တည်ဆောက်တဲ့ အချိန်ကာလ မှာတော့ လူထုရှေ့မှောက်မှာ မဟုတ်ဘူး။ ညီလာခံ ခေါ်ပြီးလုပ်တာ မဟုတ်တော့ စုပေါင်းမှု၊ စုစည်းမှုဆိုတာ အားနည်းတယ်ပေါ့လေ။ မနေ့က ပွဲမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့ လက်နက်ကိုင်တွေ ၂၀၁၃ ကနေပြီးတော့ ညီညွတ်မှုတွေ၊ စုပေါင်းမှုတွေ တည်ဆောက်ထားတယ်ဆိုတာ အဲဒါကို ပြန်လည်ချပြ၊ နှိုးဆော်ပြတာရှိတယ်၊ နောက်ဆိုလို့ရှိရင်လည်း ကိုယ့်အချင်းချင်း သွေးထွက်သံယိုကနေပြီးတော့ ကြီးကြီးမားမား မဖြစ်အောင် အေးအေး ဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် ဆိုပြီးတော့လည်း ပြောကြဆိုတာရှိတယ်” ဟု CNI သတင်းဌာန သို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က DKBA နှင့် KNU တို့မှ ခေါင်းဆောင်များ ဆွေးနွေးကြစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က DKBA နှင့် KNU တို့မှ ခေါင်းဆောင်းများ တွေ့ဆုံဆွေးနွေး၍ ကရင် ပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ပေါ်ရေး၊ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး၊ ယာယီတူညီ တံဆိပ် အသုံးပြုရေးတို့ကို သဘောတူညီခဲ့ကြသည်။

လက်ရှိတွင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့ ရပ်တည်လှုပ်ရှားလျက် ရှိသည်။

အဆိုပါ ကရင်လက်နက်ကိုင် ၄ ဖွဲ့အနက် KNU DKBA KNU/KNLA-PC တို့သည် တပ်မတော် ပါဝင်လက်မှတ် ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားပြီး BGF ကတော့ တပ်မတော်၏ လက်အောက်ခံအဖြစ် တည်ရှိနေသော အဖွဲ့ဖြစ်သည်။