CNI News

၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၉

ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့သည် ကရင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခနှင့် ငြိမ်းချမ်းရေး ကိစ္စရပ် များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မည်သည့် သဘောတူညီချက်များ ရရှိခဲ့သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့်ကြည့်နေကြသည်။

ထိုအစည်းအဝေးပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊သက္ကတေစံပြကျေးရွာတွင် ကရင်နယ်ခြားစောင့်တပ် (BGF/KNA)၊ အမှတ်(၂) စစ်ဒေသဌာနချုပ်၌ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF/KNA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ခေါင်းဆောင်များ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် လက်နက်ကိုင် ပဋိပက္ခများသည် ကြီးမားကျယ်ပြန့် နေသည့်အတွက် မိမိတို့ သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လက်နက်ကိုင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စရပ် တွေပဲ ဆက်လက် ဆောင်ရွက်မှာပါ။ သို့သော် ဒီအချိန်မှာ ငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင်တော့ သူများ ရယ်စရာဖြစ်နေမှာပေါ့နော်။ ကျနော်တို့နိုင်ငံ လက်နက်ကိုင် ပဋိပက္ခတွေက ကြီးမားကျယ်ပြန့် နေတယ်၊ ကရင်ပြည်နယ် ဆိုရင်လည်းပဲ သိတဲ့အတိုင်းပဲလေ တိုက်ပွဲတွေက စဥ်ဆက်မပြတ် ဖြစ်နေ တယ် ဒီအခြေအနေအောက်မှာ ကျနော်တို့အတွက် ငြိမ်းချမ်းရေးဆိုတာတော့ အများကြီး အလှမ်းဝေးပါ တယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က BGF၊ DKBA၊ KNU/KNLA-PC ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနေကြစဉ်

မိမိတို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ အနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် လက်နက်ကိုင် ပဋိပက္ခများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပြည်သူလူထု၏ ဒုက္ခဆင်းရဲများ လျှော့ချနိုင်ရေးနှင့်  ပို၍ မကျယ်ပြန့် လာရေး ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ ကျနော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ ဒေသခံ ပြည်သူလူထုတွေကော အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်၊ ဒီလက်နက်ကိုင် ပဋိပက္ခကြောင့် ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ နိစ္စဓူဝ ဒုက္ခဆင်းရဲတွေကို ကျနော်တို့က လျှော့ချလို့ရအောင် ဒါထက်ပိုပြီး မကျယ်ပြန့် လာအောင် ဝိုင်းဝန်း ထိန်းသိမ်းလို့ရအောင် ဒီအပေါ်မှာ ဒီ ၃ ဖွဲ့အနေနဲ့ သူ့အမြင် ကိုယ့်အမြင် တင်ပြကြ တယ်၊ ဆွေးနွေးကြတယ်။ အဲလို တွေ့ဆုံမှုမျိုးဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က BGF၊ DKBA၊ KNU/KNLA-PC ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနေကြစဉ်

ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် မြန်မာ့ တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူများရှိနေသလို နယ်စပ်ကုန် သွယ်ရေးများ ရပ်တန့်ထားရခြင်းကြောင့် လူနေမှုစရိတ်များ မြင့်တက်ခြင်းဖြင့် ကြုံတွေ့နေကြရသည်။

အလားတူ လာမည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲအား လက်မခံရန်နှင့် ပူးပေါင်းမှုမပြုကြရန် KNU က ထုတ်ပြန်ထားခြင်းကြောင့် ကရင်ပြည်နယ်အတွင်း ရွေး ကောက်ပွဲကာလမှာ ပဋိပက္ခများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။