CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို ရရှိပြီး နောက် မကြာခင်တွင် ဗန်းမော်မြို့မှ အပြီးအပိုင် ဆုတ်ခွာသွားနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၌ စတင်တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက် နိုင်ခဲ့သည်။

ထို့ပြင် ဗန်းမောက်မြို့သည် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်ထဲတွင် ပါဝင်သော်လည်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)အတွက် မြို့နယ် ၁၀၂ ခုထဲ၌ မပါဝင်ကြောင်း သိရသည်။

KIA အနေဖြင့် ဗန်းမော်တွင် စစ်ရေးသိက္ခာကျသည့် ကိစ္စကို ဗန်းမောက်မြို့အား တိုက်ခိုက်သိမ်းပိုက်၍ စစ်ရေးအရ အဖတ်ဆယ်သည့် သဘောဖြစ်ကြောင်း၊ မကြာခင်တွင် ဗန်းမော်မြို့မှ အပြီးအပိုင် ဆုတ်ခွာသွားနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်

၎င်းက “အခု ကျနော်တို့ ဗန်းမောက်ကြတော့ ပထအကြိမ် ရွေးကောက်ပွဲမှာ‌တော့ မပါသေးဘူးပေါ့နော်။ ၁၀၂ မြို့ နယ် ကြေညာတဲ့ အထဲမှာတော့။ နောက်တစ်ပိုင်းကြရင်တော့ ပါကောင်းပါလာနိုင်တယ်။ ဒါကတော့ ဒီအချိန် အတိုင်းအတာ တစ်ခုမှာတော့ ပြန်ရယူနိုင်မှာပါ။ SNA လည်းရှိတယ် ကိုယ့်ရဲ့အမျိုးသားကို ကာကွယ်မယ့်၊ နောက် တပ်မတော်နဲ့ လက်တွဲပြီး လုပ်နေတဲ့အချိန်ကြတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီလိုရင် ရွေးကောက်ပွဲကို ဖြတ်သန်းရပါလိမ့်မယ်။ ကျနော့်အမြင်ကို ထပ်ပြောရမယ်ဆိုရင် ဗန်းမော်မှာ စစ်ရေးသိက္ခာ ကျတဲ့ကိစ္စကို ဗန်းမောက်ကို တိုက်ပြီးမှ စစ်ရေး အဖတ်ဆယ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ KIA ဟာ ဗန်းမော်ကို မကြာခင် မှာ စွန့်လွှတ်ပါလိမ့်မယ်။ ဗန်းမော်စွန့်လွှတ်မယ်၊ ဗန်းမောက်ကိုနိုင်တယ်၊ စစ်ရေးအနိုင်ယူပြီးမှ နိုင်ငံရေးဂုဏ်သိက္ခာ တင်မယ်၊ တစ်ဖက်မှာ ဗန်းမော်ကို သူမကြာခင် စွန့်လွှတ်လိမ့်မယ်လို့၊ အပြီးအပိုင် ဆုတ်ခွာလိမ့်မယ်လို့ ကျနော် မြင်တာပေါ့။ အဲဒီနှစ်ခုကို ပြန်နှိုင်းယှဉ်ကြည့်တဲ့ အခါကြတော့။ အဲဒါကလည်း လကုန်ပြီးလောက် မကြာခင်တော့ KIA ဟာ ဗန်းမော်ကနေ အပြီးအပိုင် ဆုတ်ခွာသွားနိုင်တယ်လို့ ကျနော်မြင်တယ်။ အဲဒီဗန်းမောက်ကို ရပြီး နောက်ပိုင်းမှာလေ”ဟု ပြောသည်။

လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

ဗန်းမောက်မြို့တွင် ရှမ်းနီလူမျိုး အများဆုံးနေထိုင်ပြီး ဒုတိယအများဆုံးမှာ ကဒူးလူမျိုးများ ဖြစ်ကြသည်။

KIA အနေဖြင့် ဗန်းမောက်ကို ရရှိသွားသည့်အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အဆင်ပြေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

ဗန်းမောက်မြို့ကို ရှမ်းနီများ လက်လွှတ်လိုက်ရခြင်းသည် ခုခံနေသည့် အင်အားနှင့် စစ်ကူ မလာနိုင်သည့်အတွက် ကြောင့် ဖြစ်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ဟုမ္မလင်းမြို့ကိုတွေ့ရစဉ် 

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အတွက် ဗန်းမာက်မြို့ကို လက်လွှတ် လိုက်ရသည့်အတွက် နိုင်ငံရေး ဂုဏ်သိက္ခာ ကျစေသဖြင့် ပြန်လည်ရရှိအောင် ကြိုးစားလာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “SNA အနေနဲ့ကတော့ တပ်မတော်နဲ့ သူနဲ့တွဲထားတယ်ဆိုတော့ ဗန်းမောက်ဒေသက သူနိုင်အောင် ပြန် တိုက်မှပဲ နိုင်ငံရေးအရ သူ့အနေနဲ့ ဂုဏ်တင့်ပါလိမ့်မယ်။ ဘာလို့ဆို ကိုယ့်ဒေသကိုယ် ဗန်းမောက်မြို့ ကျသွားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးဂုဏ်သိက္ခာကျပါတယ်။ ကိုယ့်လူမျိုး အများစု နေထိုင်ရာဒေသကို မကာကွယ် ပေးနိုင်ဘူး လားဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့ ရှမ်းနီလူမျိုးကြားထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ အတိုင်းအတာ တစ်ခုရှိပါတယ်။ ဒါကြောင့် SNA အနေနဲ့တော့ ဗန်းမောက်မြို့ကို ရအောင်တော့ ပြန်လည်ပြီးမှ ကြိုးစားလာမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်းရှိကြောင်း၊ KIA သည် ဗန်းမောက်မြို့ကို မည်မျှကြာကြာ ထိန်းချုပ်နိုင်မလဲကိုမူ စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီအင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေ လည်း ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။ 

လက်ရှိတွင်လည်း ဟုမ္မလင်းမြို့ကို KIA-PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းကြောင့် ဟုမ္မလင်းမြို့ ပတ်ပတ်လည်က ကျေးရွာ ၁၀ ရွာတွင် KIA-PDF နှင့် SNA ကြား တိုက်ပွဲများ ပြင်းထန်နေသည်။