CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ကြောင်လည်နှင့် ပင်းခါးကျေးရွာမှ ဒေသခံ ၄၀၀ ကျော်ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ဇန်နဝါရီလကတည်းက ဖမ်းသွားရာမှာ ယနေ့ (ဧပြီလ)အထိ ပြန်လွှတ်မသေး ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။
KIA သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ဗန်းမောက်မြို့နယ်၊ ကြောင်လည်နှင့် ပင်းခါးကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တပ်စခန်းချ၍ နေထိုင်ပြီးနောက် ၁၉ ရက်တွင် ဒေသခံ ၄၆၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က ဖမ်းသွားပြီး ယနေ့အချိန်ထိ ပြန်လွှတ်မပေးသေးသလို ဖမ်းဆီးခံထားရသူများ၏ အခြေအနေကိုလည်း မသိရဘဲ ဖြစ်နေကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
ဗန်းမောက်ဒေသခံတစ်ဦးက “ ပင်းခါးရွာထဲကို KIA တွေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ဝင်လာတယ်။ ၁၉ ရက်မှာ သူတို့ ခေါ်ထုတ်သွားတယ်။ ရွာသူရွာသား ၄၆၅ ယောက်ကို ဖမ်းသွားတယ်။ အခုထိ တစ်ယောက်မှ ပြန် မလွတ်လာသေးဘူးဗျ။ ၁ လ(ဇန်နဝါရီလ)ကနေ အခုထိ ဘာသတင်းအစအနမှ မရလို့ ရွာမှာ ကျန်ထားတဲ့ မိသားစု ဝင်တွေက စိတ်ပူပင် သောကတွေရောက်နေကြတယ်။ သူတို့က ခဏခဏ လာလာပြီးတော့ ဒေသခံတွေကို ဖမ်း တယ်။ ကြာရင် လူမျိုးတွေဖြစ်မှာ စိတ်ပူတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးစေလိုပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်း က အဖွဲ့အစည်း အသီးသီးကလည်း KIA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ရင် မသိယောင်ဆောင် ကြတယ် တခြား အဖွဲ့တွေ လုပ်ရင်တာ အသံတွေထွက်တာ။ ဒါကြောင့် နိုင်ငံတကာကလည်း KIA ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို အရေးယူပေးစေလိုပါတယ်”ဟု ပြောသည်။
ဗန်းမောက်မြို့နယ်၊ ကြောင်လည်နှင့် ပင်းခါးကျေးရွာကို တွေ့ရစဉ်
ကြောင်လည်နှင့် ပင်းခါးရွာမှ ဒေသခံ ၄၆၅ ဦးကို KIA က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ဗန်းမောက်မြို့နယ်၊ နန့်တပ်အုပ်စု၊ ခင်ဖွယ်-ယာဖွယ်ကျေးရွာဘက်မှာ ဖမ်းထားကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသော ဒေသခံ ၄၆၅ ဦးတွင် အသက် ၇၀ ကျော် ၈ ဦး၊ ကိုရင် ၅ ပါး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂ ဦး၊ ကလေးငယ် ၂၀၄ ဦး ပါဝင်ကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။
KIA သည် ဗန်းမောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ဦးဆောင်၍ ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲဖော်ဆောင်လျက်ရှိသလို အနီးနားရှိ ကျေးရွာများမှ ဒေသခံများကိုလည်း စစ်သားစု ဆောင်းလျက်ရှိနေသည်။
KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၄ ရက်ကလည်း ဗန်းမောက်မြို့နယ်၊ နောင်ပတ်ရွာမှ ရှမ်းနီတိုင်းရင်းသား ရဟန်းတစ်ပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်။
လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်းမှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။