CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို သိမ်းပိုက်ထားသည့် KIA-PDF-ကတူးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရဲစခန်းအနီးနှင့် လွှစင်ကုန်းရပ်ကွက်ကို မီးရှို့နေကြောင်း ဒေသခံ များက ပြောသည်။

အဆိုပါ မီးရှို့မှုကြောင့် မီးလောင်နေမှုများကို ဒရုန်းဖြင့် မှတ်တမ်းတင်ထားသော ရုပ်သံဖိုင်တစ်ခုကိုလည်း တွေ့ရ သည်။

ဗန်းမောက်ဒေသခံက "ဗန်းမောက်မြို့ ရဲစခန်းနေရာနဲ့ လွှစင်ကုန်းရပ်ကွက်ကို မီးရှို့နေတာ၊ နေ့လယ် ၁၂ နာရီ ကျော်က စရှို့တာ။ KIA-PDF-ကတူးတပ်ဖွဲ့တွေက ရှို့နေတာ။ စစ်တပ်နဲ့ SNA တပ်ဖွဲ့တွေက မရှိတော့ဘူး၊ ဗန်းမောက်မြို့ရဲ့ အနီးမှာပဲရှိတော့တာ။ ဗန်းမောက်မြို့ထဲမှာ KIA-PDF က စက်တင်ဘာ ၂၀ ရက်ကတည်းက သိမ်းပိုက်ပြီး နေရာယူထားတာ။ SNA ကလည်း မြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်။ တကယ်လို့ မြို့ကနေ ပြန်ဆုတ်ရမယ်ဆိုရင် မီးရှို့ခဲ့ဖို့ KIA-PDF ကလည်း မှာထားတယ်။ ဒေသခံတွေကိုလည်း ငါတို့ ဆုတ်ရမယ်ဆိုရင် SNA က တိုက်လို့ မြို့ပျက်တဲ့ပုံစံနဲ့ အကုန်မီးရှို့ခဲ့မယ်လို့ အဲလို ပြောထားတာ"ဟု ပြောသည်။

ဗန်းမောက်မြို့ထဲမှာ KIA-PDF ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က မီးရှို့နေတာကို ဒရုန်းကနေ မှတ်တမ်းတင်ထားမှုကို ပေးပို့လာစဉ်

လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော်တို့သည် ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် စစ်ရေးပြင်ဆင်နေပြီး ဗန်းမောက်မြို့၏ တစ်မိုင်အကွာ၌ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

KIA-PDF-ကတူးတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ထက်မနည်း ပူးပေါင်း၍ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

အဆိုပါ ဗန်းမောက်မြို့ကို ယခင်က SNA တပ်ဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ထို့နောက် KIA-PDF-ကတူးတပ်ဖွဲ့နှင့် SNA ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။