CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် အတည်ပြု ပြောကြားသည်။
UEC က “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းများအတွက် နေ့ရက်များ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် အယူခံတင် သွင်း ရမည့် ကာလ စည်းကမ်း သတ်မှတ်ချက် ကျော်လွန်ပြီး ဖြစ်ပါသည်”ဟု ပြောသည်။

ထို့ကြောင့် ဒေါက်တာသက်သက်ခိုင်သည် ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရမှု အယူခံ ဝင်ခွင့်မရှိတော့ပေ။
လွှတ်တော် အသီးသီးတွင် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး စာရင်းတင်သွင်းခဲ့ပြီး ဥပဒေနှင့်အညီ ပယ်ဖျက်ခံရ သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာသက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂) တွင် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်သည်။
