CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်သည့် ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ကာ မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့သည်။

ထို့နောက် KIA-PDF-ကဒူးတပ်ဖွဲ့တို့သည် စက်တင်ဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ကချင်-စစ်ကိုင်းနယ်စပ်မှာရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့ ၁၈ ဖွဲ့ထက်မနည်း စက်တင်ဘာလ ၁၅ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ISP Myanmar က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

ဗန်းမောက်မြို့ကို KIA-PDF ထိန်းချုပ် လိုက်နိုင်ခြင်းက တော်လှန်ရေးတပ်များအတွက် ပဋိပက္ခအတွင်း စစ် စီးပွားရေး (war economy) နှင့် ဘဏ္ဍာတိုက်ကို ဖြည့်တင်းပေးနိုင်သည့် ရွှေသတ္တုနယ်မြေ (mining) အပြင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းများကိုပါ တိုးချဲ့ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု ISP Myanmar မှ ဖော်ပြ ခဲ့သည်။

ဗန်းမောက်မြို့ အရေးပြမှု ပြသထားစဉ် (ISP Myanmar)

ISP Myanmar က “ဗန်းမောက်ဟာ စစ်ရေးအရ ကြီးမားတဲ့ အချက်အချာကျမှု မရှိပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေကို ကူးသန်းနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းပေါ်မှာ ရှိပါတယ်။ အရင် က စစ်ကော်မရှင်တပ်တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့က ထိန်းချုပ်ထားပြီး ကြားကနေ ဖြတ် တောက် ထားပါတယ်။ အခုတော့ အိန္ဒိယနယ်စပ် ထွက်ပေါက် ဗန်းမောက်-တမူးလမ်းပိုင်း၊ ဗန်းမောက်-အင်းတော်-ရှမ်းမြောက်ဒေသ လမ်းပိုင်း တစ်ခုလုံးကို တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါအပြင် ဗန်းမောက်ဟာ ရွှေထွက်တဲ့ ဒေသဖြစ်ပါတယ်။ မြို့ရဲ့ အနောက်ဘက်တကြောမှာ ရွှေတွင်းတွေ ရှိပါ တယ်။ မဲဇာမြစ်ကြောင်း တလျှောက်ဟာလည်း ရွှေမျောတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရာ နယ်မြေဖြစ်ပါ တယ်”ဟု ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးနှင့် စစ်စီးပွားရေး မျက်နှာစာဆိုသော စာတမ်းမှာ ပြောထားသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်အထိ ဗန်းမောက်မှာ တရားဝင်ရွှေလုပ်ကွက် ၂၇ ခု၊ လျှောက်ထားဆဲ ၁၀၀ ဝန်းကျင်ရှိခဲ့ သော်လည်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ရွှေတူးဖော်မှု အများအပြား တိုးလာကြောင်း၊ ရွှေကျင်းနှင့် မျောပေါင်း ၁,၂၀၀ ထက်မနည်း ရှိလာကြောင်း ISP Myanmar က ထောက်ပြထားသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ် 

အဆိုပါ ရွှေလုပ်ကွက်များရှိသည့် နယ်မြေများကို ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးတပ်များ၊ မြန်မာ့တပ်မတော် အပါအဝင် SNA တပ်များအကြား အားပြိုင်မှုများ ရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ISP Myanmar က “ဗန်းမောက်ဟာ စစ်စီးပွားရေး လိုအပ်ချက်နဲ့ ဘဏ္ဍာငွေ ဖြည့်တင်းပေးနိုင်တဲ့ နယ်မြေ အစိတ်အပိုင်း တစ်ခု  (missing piece in sustaining the war economy) ဖြစ်ပါတယ်။ အခုအခါ မြို့နယ် တစ်ခုလုံးရဲ့ မြောက်ဘက်ကလွဲပြီး ကျန်အရပ်သုံးမျက်နှာကို တော်လှန်ရေးတပ်တွေက အပြည့်အဝ ထိန်းချုပ်ထား ပါပြီ။ နယ်မြေအားပြိုင် ထိန်းချုပ်ရေးအပြင် သယံဇာတနဲ့ မြေပြင်တပ်တွေရဲ့ စစ်စီးပွားရေးပါ ဆက်နွှယ်နေတဲ့ အတွက် တန်ပြန်ထိုးစစ်နဲ့ ပဋိပက္ခတွေ အရှိန်ပြန်မြင့်လာနိုင်ခြေ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ဗန်းမောက်မြို့အနီးမှာ မြန်မာ့တပ်မတော်၊ SNA၊ KIA၊ PDF၊ ကဒူးတပ်ဖွဲ့အကြား တိုက်ပွဲများ ပြင်းထန် နေသည်။

KIA နှင့် PDF ပူးပေါင်း၍ လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဗန်းမောက်၊ အင်းတော်၊ ပင်လည် ဘူး၊ ရွှေပြည်အေးနှင့် မော်လူး စသည့် ဒေသများကို သိမ်းပိုက်ထားသည်။