CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်သည့်အပေါ် ဒေသခံများက လုံခြုံရေးစိုးရိမ်မှုများ ရင်ဆိုင်နေရသည်ဟု ဒေသခံ များက ပြောသည်။

ဗန်းမောက်မြို့သိမ်း ထိုးစစ်ဆင်မှုကို KIA၊ ကဒူးတပ်ဖွဲ့၊ PDF ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှ စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။

ဗန်းမောက်ဒေသခံ ကိုစိုင်းလင်းက “အခု ဗန်းမောက်မြို့ကို KIA ရော၊ ကဒူးတပ်ဖွဲ့ရော၊ တခြား PDF တွေကို ရောက်လာတယ်။ ထိန်းချုပ်ထားတယ်ဗျ။ ရှမ်းနီ SNA ရော၊ တပ်ရော ဆုတ်သွားတယ်။ ဒါပေမယ့် ဒေသခံတွေက မပျော်နိုင်ဘူးဗျ စိုးရိမ်မှုတွေပဲ ဖြစ်နေကြတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေ ကြဲနေတယ်။ အဲတော့ KIA က တစ်ရက် ပိုထိန်းချုပ်လေ တစ်ရက်ပိုပြီး မြို့က ပျက်လေဖြစ်မှာ။ ဒေသခံတွေလည်း မယုံသင်္ကာ ဖြစ်ပြီး ဖမ်းတာဆီးတာ သတ်တာဖြတ်တာတွေ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူးလေ။ ဒါကြောင့် ဒေသခံတွေ က မြို့သိမ်းတာမဟုတ်ဘဲ မြို့လာပျက်တယ်လို့ မြင်ကြတာ။ သူတို့လုံခြုံရေးကိုလည်း စိတ်ပူနေကြရတယ်”ဟု ပြောသည်။

ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။

ဗန်းမောက်မြို့အတွင်းကို တွေ့ရစဉ်

လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

KIA-PDF  ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်သည့် ဗန်းမော်မြို့ကို တပ်မတော်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် မြေပြင်ထိုးစစ်ပြန်လည် ဆင်ခြင်းကြောင့် မြို့ပျက်ခြင်းဖြစ်သွားသည်ကို လေ့လာကြည့်ပါက ဗန်းမောက်ဒေသခံ များ၏ စိုးရိမ်မှုသည် လက်တွေ့ဆန်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့် နေသူ တစ်ဦးက ပြောသည်။

၎င်းက “ ဗန်းမောက်မြို့ ဒေသခံတွေရဲ့ စိုးရိမ်မှုကလည်း လက်မခံလို့ မရဘူး။ တကယ့် လက်တွေ့မှာ သူတို့ စိုးရိမ် သလိုဖြစ်နေတာတွေကလည်း ရှိနေတာကိုး။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ KIA-PDF တို့ သိမ်းပိုက်တဲ့ မြို့ တွေ၊ သိမ်းပိုက်ခဲ့တဲ့ မြို့တွေကို လေ့လာကြည့်ရင်လည်း မြင်နိုင်ပါတယ်။ ထီးချိုင့်မြို့ အခု ပျက်သွားပြီ၊ ကောလင်း မြို့ ပျက်သွားပြီ ဒီ ၂ မြို့လုံးကို KIA-PDF မထိန်းနိုင်ဘူး စစ်တပ်လက်ထဲ ပြန်ရောက်သွားတယ်။ ဒါပေမယ့် မြို့က ပျက်သွားပြီး ဒေသခံတွေက စစ်ဘေးသင့်သလို ရှိသမျှ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးသွားကြရတယ်။  ပင်လည်ဘူးမြို့ကိုလည်း လေ့လာကြည့်နိုင်ပါတယ်။ ဒီအခြေအနေကို မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်တဲ့ တော်လှန် ရေး အင်အားစုတွေက ပြန်သုံးသပ်သင့်တယ် ထင်တယ်”ဟု ပြောသည်။

လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

KIA-PDF မြို့သိမ်းပြီးနောက် ဗန်းမော်မြို့ပျက်သွားသည်ကို တွေ့ရစဉ်

အလားတူ မြန်မာ့တပ်မတော်ကလည်း လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်လာပါက ဗန်းမောက်မြို့ သည် မြို့ပျက်ကြီး ဖြစ်သွားမည်ကို စိုးရိမ်နေကြသလို ဒေသတွင်နေ ပြည်သူများသည်လည်း စစ်ဘေးရှောင် ဘဝရောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဗန်းမောက်မြို့မှ လုပ်ငန်းရှင်တစ်ဦးက “ အရင် SNA က ဗန်းမောက်မြို့ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အဓိက ယူတယ်။ တပ်က မြို့ပေါ်မှာ ဒီတိုင်းနေပြီး သူ့ဘာသာ အေးဆေးနေတယ်။ သူတို့နှစ်ဖက် ပြဿနာမရှိဘဲ ဗန်းမောက်မြို့ကို တည်ငြိမ်အောင် လုပ်ထားနိုင်တော့ ဒေသခံတွေက အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြတယ်။ စီးပွားရေး လုပ်ကိုင်ရှာဖွေလို့ရတယ်။ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ အခုက တော်လှန်ရေးတပ်ဖွဲ့က ဗန်းမောက်မြို့ကို သိမ်းလိုက်တော့ တစ်ဖက်က ပြန်တိုက်ခိုက်လာမှာပဲလေ။ အဲကျ မြို့ကပျက်တော့မှာကို ဒေသခံ တွေက စိုးရိမ်နေကြတာ”ဟု ပြောသည်။

ဗန်းမောက်မြို့သည် ကချင်ပြည်နယ်ဝင်ရောက် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြို တင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့တွင်း မီးလောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။

ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေတာလည်းဖြစ်နိုင်ကြောင်း ၎င်းက ‌ထောက်ပြသည်။

KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။