CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများပင် ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေး ရပြီးချိန်ကတည်းက လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ ပျက်ယွင်းပြီး ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူများ ထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများရှိကြောင်း၊ ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပျက် ယွင်းအောင် လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်။ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကို ဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စိးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် ဆောင်ရွက် နေမှုများကို ပြည်နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင်ရွက် သွားကြရန် လိုကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော် အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေကြေး လိမ်လည်မှု နှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်း နယ်စပ်အနီးရှိ KK Park နေရာ အား တပ်မတော် အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အပြီးပြတ် ရှင်းလင်းဆောင်ရွက်သွားမည်”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့/ ကရင်အမျိုးသားတပ်မတော်(BGF/KNA)၊ KNU မှ ထုတ်ပယ် ထားသော နယ်ဒါးမြ ဦးဆောင်သည့် ကော်သူလေးတပ်မတော်(KTA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များ စသည့် လက်နက်ကိုင် အင်အားစုများ လှုပ်ရှားလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အဆိုပါ လက်နက်ကိုင်များထဲတွင် BGF/KNA သည် တပ်မတော်အောက်မှ ရပ်တည်သော အဖွဲ့ဖြစ်ပြီး DKBA၊ KNU/KNLA-PC၊ NMSP တို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားပြီး တပ်မတော်နှင့် တိုက်ပွဲမရှိပေ။
ထို့နောက် KNU သည် NCA ကနေ နုတ်ထွက်ထားပြီး PDF များကို ဦးဆောင်၍ တပ်မတော်အား ဖြုတ်ချရေး တိုက်ခိုက်လျက်ရှိသလို KTA ကလည်း တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KNU-PDF ပူးပေါင်းတပ်ဖွဲ့များကြား ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလည်း ကုန်သွယ်ရေး ရပ်တန့်ထားရသည်။
