CNI International News

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၂

နိုဝင်ဘာ ၁၂ ရက် (ယနေ့)တွင် အာရှသို့ ရောက်ရှိလာခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့် သီတင်းပတ်တွင် ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေး၌ တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသည့်အခါ မြောက်ကိုရီးယားကို ထိန်းချုပ်ရန် တိုက်တွန်း ဆွေးနွေးသွားမည်ဟု ကတိပြုခဲ့ကြောင်း AFP သတင်းကို ကိုးကား၍ CNA က ရေးသားဖော်ပြသည်။

ဘိုင်ဒန်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ရှီကျင့်ဖျင်နှင့် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံရန် စီစဉ်ထား ကြောင်း၊ ထိုသို့ မတွေ့ဆုံမီ ယနေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် အရှေ့တောင်အာရှ(အာဆီယံ) ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့သို့ ရောက်ရှိလာခဲ့သည်။

မြောက်ကိုရီးယား၏ စံချိန်တင် ဒုံးကျည်စမ်းသပ်မှုများကြောင့် ၇ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု မကြာမီ ပြုလုပ်လာတော့မည့်အရေး စိုးရိမ်နေကြချိန်တွင် ယခုကဲ့သို့ စူပါပါဝါ အင်အားကြီးနှစ်နိုင်ငံ တွေ့ဆုံရန် ဖြစ်ပေါ်လာ ခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပမည့် G-20 ထိပ်သီး အစည်းအဝေး၌ ဘိုင်ဒန်သည် မြောက်ကိုရီးယား၏ အကြီးဆုံး မဟာမိတ်ဖြစ်သော တရုတ်နှင့်ပတ်သက်၍ ပြုံယမ်းအစိုးရ၏ အဆိုးဆုံး သဘောထားများကို တားမြစ်ရန်နှင့် အပြု သဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် အာရုံစိုက်ထားကြောင်း ရှီကျင့်ဖျင်အား ပြောကြားဖို့ ပြင်ဆင်ထားသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျက်ဆူလီဗန်က သတင်းထောက်များသို့ အသိ ပေးခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား တည်ဆောက်မှုသည် ယခုပုံစံအတိုင်း ရှေ့ဆက်သွားနေလျှင် ဒေသတွင်း၌ အမေရိကန်၏စစ်ရေးနှင့် လုံခြုံရေးကို ပိုမိုတိုးမြှင့်သွားမည်ဟု ဘိုင်ဒန်က ရှီကို ပြောကြားသွားမည် ဖြစ်သည်။

ဘိုင်ဒန်သည် တရုတ်ကို အထွေအထူး တောင်းဆိုမှု ပြုမည်မဟုတ်သော်လည်း ၎င်း၏အမြင်ကို ရှီကျင့်ဖျင်နှင့် ဖလှယ်ရန်ရှိကြောင်း ဆူလီဗန်က ဆက်လက် ပြောကြားခဲ့သည်။

ဘိုင်ဒန်၏အမြင်မှာ “မြောက်ကိုရီးယားသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကိုသာမက ဒေသတွင်း တစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေခြင်းအား ကိုယ်စားပြုကြောင်း” ဟူ၍ ဖြစ်သည်။

“မြောက်ကိုရီးယားအပေါ် တရုတ် ဖိအားတိုးချင်သလား ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ဆူလီဗန်က ရှင်းပြသည်။

သို့သော် မြောက်ကိုရီးယားသည် ဒုံးကျည်စွမ်းရည် အလျင်အမြန် မြှင့်တင်ခြင်းဖြင့် စစ်ဆင်ရေး အခြေအနေမှာ လက်ရှိ အခိုက်အတန့်တွင် ပိုမိုစိုးရိမ်စရာ ကောင်းလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: AFP, Channel News Asia