CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၂၆

တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း သတင်းစကား လက်ဆောင်ပါးခဲ့သည်ဟု မြောက်ကိုရီးယားမီဒီယာ KCNA က ဖော်ပြခဲ့သည်။

သို့သော် မကြာသေးမီက တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီး ကိုရီးယားကျွန်းဆွယ် တဝိုက် တင်းမာမှု တိုးလာစေသည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများကိုတော့ KCNA သတင်း တွင် ဖော်ပြခြင်း မရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ပဲ့ထိန်းဒုံးကျည်များကို ယခင်နှစ်ကထက် တိုးမြှင့် ပစ်လွှတ်၍ စမ်းသပ်ပြ နေခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နျူကလီးယားဗုံး စမ်းသပ်မှုကို အချိန်မရွေး လုပ်ဆောင်လာနိုင်သည်ဟု ဝါရှင်တန်အစိုးရ လအတန်ကြာကပင် ခန့်မှန်းထားခဲ့သည်။

ရှီကျင့်ဖျင်နဲ့ ကင်မ်ဂျုံအန်းကို တွေ့ရစဉ် (GETTY IMAGES)

အမေရိကန်က မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် နေမှုများအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း အရေးယူပေးရန် တိုက်တွန်းခဲ့သော်လည်း လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်ကို တရုတ်နှင့်ရုရှားတို့က ပိတ်ဆို့ ခဲ့ကြသည်။

ထို့သို့ ပိတ်ဆို့ခြင်းသည် ပြုံယမ်းအစိုးရကို ခိုင်မာအားကောင်းစေကြောင်း တရုတ်နှင့်ရုရှားတို့ကို အမေရိကန်က စွပ်စွဲခဲ့သည်။

၂၀၁၇ ခုနှစ်၌ ပြုံယမ်း၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဒဏ်ခတ် ပိတ်ဆို့မှုများကို တရုတ်နှင့်ရုရှားတို့က ထောက်ခံကြသော်လည်း ပြီးခဲ့သည့် မေလမှစတင်၍ ဒုံးကျည်အသစ်များ ပစ်လွှတ်မှုအပေါ် ဒဏ်ခတ်မှု ထပ်မံတိုးမြှင့်ရန် အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း ဗီတိုအာဏာ သုံးခဲ့သည်။

မြောက်ကိုရီးယား၏ ထပ်တလဲလဲ ဒုံးကျည်ပစ်လွှတ်မှုများအပေါ် ထပ်မံဒဏ်ခတ်ဖို့ တောင်ကိုရီးယားက တွန်းအား ပေးလာခဲ့ရာ မြောက်ကိုရီးယားအစိုးရက တုံ့ပြန်ရှုတ်ချခဲ့ပြီး ၎င်း၏ရန်လိုမှုနှင့်ဒေါသကို တိုးစေလိမ့်မည်ဟု အစိုးရ ပိုင် KCNA မှ သတင်းထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျုံအန်း၏ ဩဇာကြီးလှသော ညီမ ကင်မ်ယိုဂျောင်သည် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲနှင့် အစိုးရ အဖွဲ့ကို အမေရိကန်အပေါ် သစ္စာစောင့်သောခွေးဟု ခိုင်းနှိုင်းပြောကြားခဲ့ကြောင်း KCNA သတင်းတွင် ဖော်ပြခဲ့သည်။

Source: Reuters