CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၆

ယူကရိန်းကို ဥရောပသမဂ္ဂ (EU) ထဲသို့ နောက်ဆုံး ဝင်ရောက်ခွင့်ပြုသည့်တိုင် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများသည် နှစ်နှင့်ချီ၍ အပူပေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ခံနိုင်ရည်ရှိကြကြောင်း ယူကရိန်းသမ္မတ ကတော် အယ်လီနာဇာလန်းစကာ (Elena Zelenskaya)က နိုဝင်ဘာ ၂၅ ရက်၌ ဘီဘီစီနှင့်တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။

ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ စက်ရုံများကို ပြီးခဲ့တဲ့ရက်များအတွင်းက ရုရှားတိုက်ခိုက်ခဲ့ပြီးနောက် ဗြိတိန်ရုပ်သံ ဌာန ဘီဘီစီနှင့် သမ္မတကတော်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယူကရိန်းအနေဖြင့် EU အဖွဲ့ဝင် တစ်နေရာ အောင်မြင်စွာ ဖြစ်လာသည့်အခါ ယခုဆောင်းရာသီ အအေးဒဏ်ကို နိုင်ငံသူ၊ နိုင်ငံသားများ ကြံ့ကြံ့ခံကြဖို့ အသင့်ဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်စောင်အရ ယူကရိန်းနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် EU အဖွဲ့ဝင် ဖြစ်လာခဲ့သည့်တိုင်အောင် နှစ်နှစ်မှ သုံးနှစ်ကြာသည်အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် အပူပေးစနစ် ကင်းမဲ့ခြင်းတို့ကို ကြုံတွေ့ရလိမ့်ဦးမည်ဟု သိရသည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေးယန်းနဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

“ကျမတို့မှာ ကြောက်စရာကောင်းတဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ စတေးခံ ဘဝတွေ အများကြီး တွေ့ခဲ့ရတယ်။ ပျက်စီးမှုကလည်း တော်တော်များပါတယ်။ မီးပြတ်တာလောက်ကတော့ ကျမတို့အတွက် အဆိုးဆုံး မဟုတ်တော့ဘူး” ဟု သမ္မတကတော်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေးယန်း (Ursula von der Leyen) ၏ စေ့ဆော်မှုကြောင့် ယူကရိန်း သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် EU အဖွဲ့သို့ ဝင်ရောက်ရေး လျှောက်ထားခဲ့ရာ ဇွန်လတွင် EU အဖွဲ့ဝင် အလောင်းအလျာ ဖြစ်လာခဲ့သည်။

သို့သော် ယူကရိန်းသည် အိမ်နီးချင်း ရုရှား၏ တိုက်ခိုက်မှု ခံနေရသဖြင့် EU အဖွဲ့ဝင် အပြည့်အဝ ဖြစ်လာရေးမှာ နှောင့်နှေးနေခဲ့သည်။

အဖွဲ့ဝင် စည်းမျဉ်းတွင် အကျင့်ပျက်ခြစားမှု အမြစ်ပြတ် ရှင်းလင်းရေး၊ လူ့အခွင့်အရေး မှတ်တမ်းနှင့် တရားဥပဒေ စိုးမိုးမှု လုပ်ဆောင်ပြမှသာ အဖွဲ့ဝင်အဖြစ် လက်ခံမည်ဟု EU က ပြဋ္ဌာန်းထားသည်။

ယခုနှစ် ဆောင်းရာသီတွင် ယူကရိန်း၌ အပူချိန် ကျဆင်းလာသည်နှင့်အမျှ ရုရှားကလည်း ယူကရိန်း၏ ဓာတ်အား ပေး စက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ အပါအဝင် နိုင်ငံတဝန်း စစ်ရေးအရ အရေးပါသော ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်နေသည်။

ယူကရိန်းနိုင်ငံအတွင်းက အအေးဒဏ်ကို ခံနေရသော သားအမိနှစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

ကိယက်ဗ်၊ ခါကိဗ်၊ အိုဒက်ဆာ၊ လာဗစ်နှင့် အခြားမြို့ကြီးများရှိ ယူကရိန်း အခြေခံ အဆောက်အအုံများကို နိုဝင်ဘာ ၂၃ ရက်တွင် အကြီးစား ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။

ယူကရိန်းမြို့တော် ကိယက်ဗ်၏ ၇၀ ရာခိုင်နှုန်း နေရာများမှာ လျှပ်စစ်မီး ပြတ်တောက်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်၌ မြို့တော်ဝန် ဗီတလီကလစ်ရှန်ကို (Vitaly Klitschko) က ပြောကြားခဲ့သည်။

ယခုဆောင်းရာသီ၌ ယူကရိန်းနိုင်ငံသားများ ပြည်တွင်းမှ ထွက်ခွာဖို့ စဉ်းစားကြရန် ယူကရိန်း၏ အကြီးဆုံး ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်က ယခင်သီတင်းပတ်၌ တိုက်တွန်းခဲ့သည်။

Source: အာရ်တီသတင်းဌာန