CNI International News

မော်စကို၊ နိုဝင်ဘာ ၂၆

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းသို့ စေလွှတ်ထားသည့် ရုရှားစစ်သည်များ၏ မိခင်များနှင့် တွေ့ဆုံစဉ် မော်စကို၏စစ်ရေး လှုပ်ရှားမှုများကို ၎င်း၏သဘောထားနှင့် ကွဲလွဲစွာ ရေးသားထုတ်လွှင့်နေကြသည့် မီဒီယာများ ကို မုသားများ ဖုံးလွှမ်းနေကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ရှုတ်ချခဲ့သည်ဟု အေပီသတင်းမှာ တွေ့ရသည်။

“တီဗွီဖန်သားပြင် (ဒါမှမဟုတ်) အင်တာနက်ပေါ်မှာ ပြသနေတဲ့ ဘဝတွေနဲ့ လက်တွေ့ဘဝတွေ ပိုပြီး ကွဲပြားပါ တယ်။ အတုတွေ၊ အလိမ်တွေ အများကြီးရှိတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

မကြာသေးမီက စစ်မြေပြင်၌ အဆင်မပြေမှုများ ဆက်တိုက် ရင်ဆိုင်နေရချိန်၊ စစ်မှုထမ်း ထပ်မံခေါ်ယူရေး မရေမရာဖြစ်နေချိန်၌ ကရင်မလင်သမ္မတနန်းတော်သို့ အမျိုးသမီး ဆယ်ဂဏန်းမျှ ဖိတ်ခေါ်၍ ပူတင်က တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။

ပူတင်ကို ယူကရိန်းစစ်ပွဲရောက် ရုရှားစစ်သားများရဲ့ မိခင်များနဲ့အတူတွေ့ရစဉ်(AP)

ကရင်မလင် မှတ်တမ်းနှင့် အစည်းအဝေး ဓာတ်ပုံများအရ ရံဖန်ရံခါ ၎င်းတပ်ဖွဲ့ဝင်များနှင့် ပူတင်က တိုက်ရိုက် စကားပြောလေ့ရှိကြောင်း သိရသည်။

“သူတို့ရဲ့စိတ်နေသဘောထားနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ တပ်သားတွေနဲ့ ကျနော် စကားပြောပြီးပြီ။ သူတို့ဆီကတော့ ကျနော် ဒီလိုမျိုး ဖုန်းခေါ်(video call)လိမ့်မယ်လို့ မမျှော်လင့်မိကြဘူး။ သူတို့နဲ့ ပြောဖြစ်တဲ့ အခါ တိုင်းလည်း သူရဲကောင်းတွေလို့ နာမည်တပ်လို့ရမယ့် အကြောင်းပြချက်တွေ ကျနော် ထည့်ပြောလေ့ရှိပါတယ်”ဟု ပူတင်က ပြောသည်။

သို့သော် ယခုကဲ့သို့ ရုရှားစစ်သည် အချို့၏ မိဘဆွေမျိုးများကို ပူတင် ဖိတ်ခေါ်၍ တွေ့ဆုံခြင်းအပေါ် ရုရှားပြည် တွင်း၊ ပြည်ပ၌ မကျေမနပ်ဖြစ်ကြသူ အများအပြား ရှိကြောင်း၊ ပူတင်၏ ဦးဆောင်နေမှုကို တိုက်ရိုက်ဝေဖန်မှုများ ရှိခဲ့ကြောင်း အေပီက ဆက်လက်‌ရေးသားသည်။

မကြာသေးမီ တစိတ်တပိုင်း စည်းရုံးရေး အစီအစဉ်အရ ရုရှားအတွက် အရန်တပ်အင်အား ၃ သိန်းအထိ ဆင့်ခေါ်၍ စစ်မှုထမ်းစေခဲ့သည်။

အိုလက်စုကာနိုဗာ နဲ့ ပူတင်ကိုတွေ့ရစဉ် (AP)

ရုရှားအာဏာပိုင်များသည် မိမိတို့ အဖွဲ့အစည်းထံမှ မေးမြန်းချက်များနှင့် တောင်းဆိုချက်များကို လျစ်လျူရှုခဲ့ ကြောင်း တယ်လီဂရမ်ချန်နယ်ပေါ်ရှိ မိခင်နှင့်ဇနီးများကောင်စီမှ အိုလက်စုကာနိုဗာ (Olga Tsukanova) ဆိုသူ အမျိုးသမီးက ဗွီဒီယိုမက်ဆေ့ချ်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကောင်စီကို စစ်သည်များ၏ မိဘဆွေမျိုး၊ ဇနီးကြင်ယာများဖြင့် စုစည်းဖွဲ့စည်းထားသည်။

“ကျမတို့က မော်စကိုမှာနေပြီး ရှင်နဲ့ တွေ့ဖို့ အဆင်သင့်ပဲ။ ရှင့်အဖြေကို ကျမတို့ စောင့်နေတယ်” ဟု သူမက ပူတင်ကို တိုက်ရိုက်ရည်ညွှန်း၍ ပြောကြားခဲ့သည်။

“ကျမတို့မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ရှေ့နေရုံးနဲ့ သမ္မတရုံးတွေမှာ ဩဇာကြီးမားတဲ့ ခင်ပွန်းသည်တွေ ရှိသလို အခြားတဖက်မှာလည်း မိခင်တွေလည်း ရှိတယ်ရှင့်။ တွေ့ဆုံဆွေးနွေးရေး အမှန်တကယ်ဖြစ်လာဖို့ အခု စမှာလား (ဒါမှမဟုတ်) ဖုံးကွယ်ထားမှာလားဆိုတာ ကျမ မေးပါတယ်” ဟု သူမက တယ်လီဂရမ်ချန်နယ်ပေါ် ဗွီဒီယိုမက်ဆေ့ချ်ဖြင့် တောင်းဆိုခဲ့သည်။

Source: AP