CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၁၂

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များအား ရုရှားသမ္မတဗလာဒီမာပူတင် ထုတ်သုံးလာမည်ဟု မိမိ သံသယရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မြို့ကြီးများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရခြင်းမှ ခုခံကာကွယ်ရန်အတွက် စစ်ရေးအကူအညီ အရှိန်အဟုန်ဖြင့် တိုးမြှင့်ပေးရန် အနောက်အုပ်စုသို့ ယူကရိန်း ပန်ကြားလာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်း၌ ကြည်းတပ်များ၏ မြေပြင်တိုက်ခိုက်မှု အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် ရုရှား ပြည်တွင်း ဖိအားပေးမှု များပြားလာခဲ့သည်။ ထို့နောက် သမ္မတ ပူတင်သည် ယခင်သီတင်းပတ်၌ ခရိုင်းမီးယားသို့ ဆက်သွယ်ထားသော တံတားကို ယူကရိန်းတိုက်ခိုက်လာခြင်းအပေါ် တုံ့ပြန်ရန် ဒုံးကျည်များ ပစ်ခတ်ဖို့ အမိန့်ပေး ခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရားမဝင်ဟု ရှုတ်ချခံရသော ယူကရိန်းပိုင်နက်အတွင်း လူထု ဆန္ဒခံယူပွဲ များ မော်စကိုအစိုးရ ကျင်းပခဲ့ပြီးနောက် နယ်မြေသစ်များ ထပ်မံသိမ်းပိုက်ခြင်းကို ခေတ္တဆိုင်းငံ့ခဲ့သည်။ ထို့နောက် ပူတင်သည် နျူကလီးယားလက်နက် ထုတ်သုံးတော့မည်ဟု အနောက်အုပ်စုနိုင်ငံများကို ခြိမ်းခြောက်ခဲ့သည်။

ချင့်ချိန်နိုင်စွမ်းရှိသူ ပူတင်အနေဖြင့် မှားယွင်းစွာ တွက်ချက်ခဲ့ကြောင်း ဘိုင်ဒန်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

“နည်းဗျူဟာမြောက် နျူကလီးယား လက်နက်ကို ပူတင် ဘယ်လောက် လက်တွေ့ကျကျ သုံးစွဲလာမယ်လို့ ယုံကြည်ပါသလဲ” ဟု ဆက်လက်မေးမြန်းရာ ဘိုင်ဒန်က “ကောင်းပါပြီ … သူ ထုတ်သုံးလိမ့်မယ်လို့ မထင်ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။

ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ဖို့ စဉ်းစားဆုံးဖြတ်ရန် မြောက်အတ္တလန္တိတ် စစ်စာချုပ် (နေတိုး) မဟာမိတ်အဖွဲ့၏ အွန်လိုင်း အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပရေး သုံးသပ်နေကြောင်း ဥရောပ သံတမန်တစ်ဦးက ပြောသည်။

ခြိမ်းခြောက်ခဲ့ပြီးနောက် ရုရှား၏ နျူကလီးယား ရပ်တည်ချက် အပြောင်းအလဲကို နေတိုးအနေဖြင့် မတွေ့မြင် မိကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန့်စ်စတိုလန်ဘတ် (Jens Stoltenberg) က ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ ၁၁ ရက်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်မြို့ အခြေစိုက် နေတိုးမဟာမိတ်များထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှုကို မျှော်လင့်နေမိ ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ မြို့ကြီးများမှာ ရုရှားဒုံးကျည် တိုက်ခိုက်ခံနေရသဖြင့် စစ်ရေးအကူအညီ အရှိန်အဟုန်ဖြင့် တိုးမြှင့်ပေးအပ်ရန် ဇာလန်းစကီးက တောင်းဆိုခဲ့သည်။

Source: Reuters