CNI International News

ဝါဆော၊ ဖေဖော်ဝါရီ ၂၃

ရုရှားသမ္မတ ပူတင်၏ နျူကလီးယား သတိပေးချက်အပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နေတိုး၏ အရှေ့ပိုင်း မဟာမိတ်များနှင့် တွေ့ဆုံကာ လုံခြုံရေးအာမခံအပေါ် ဆွေးနွေးခဲ့သည်။

ဥရောပအရှေ့ခြမ်းရှိ မဟာမိတ်များကို ထပ်ဆင့် အာမခံချက်အဖြစ် နေတိုး၏ ဧရိယာ တစ်လက်မတိုင်းကို ကာကွယ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်ဟု ရိုက်တာ သတင်း တွင် ဖော်ပြထားသည်။

ရုရှား၏ အထင်ကရ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ရပ်ဆိုင်းခြင်း လုပ်ရပ်က အမှားကြီး ဖြစ်သည်ဟု ဘိုင်ဒန်က ပြောသည်။

ကိယက်ဗ်(ယူကရိန်း)သို့ မထင်မှတ်ဘဲ သွားရောက် လည်ပတ်ခဲ့ပြီး နှစ်ရက်အကြာ ဥရောပအရှေ့ခြမ်းနေတိုး မဟာမိတ်များနှင့် ပိုလန်မြို့တော် ဝါဆော (Warsaw)တွင် တွေ့ဆုံချိန်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

စစ်အေးကာလအပြီး ရုရှားနှင့်အနောက်အုပ်စုတို့ကြား တင်းမာမှု အမြင့်ဆုံး အခြေအနေတွင် ဘိုင်ဒန်သည် ဝါဆောမြို့လယ်၌ လူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့ပြီး ရုရှားသမ္မတ ပူတင်ကဲ့သို့ သက်ဦးဆံပိုင်ခေါင်းဆောင်မျိုးကို ဆန့်ကျင်ရမည်ဟု ပြောသည်။

ဘိုင်ဒန်ကိုတွေ့ရစဉ် (AP)

ဘိုင်ဒန် မတိုင်ခင် နာရီပိုင်းအကြာတွင် ပူတင်သည် အနောက်အုပ်စုအား ရည်ရွယ်သည့် ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ပြုလုပ်ခဲ့ကာ ယူကရိန်းစစ်ပွဲအတွက်လည်း အပြစ်တင်ခဲ့သည်။

သို့သော် အနောက်အုပ်စု အနေဖြင့် ရုရှားကို တိုက်ခိုက်ရန် မကြံစည်ခဲ့ဖူးကြောင်း၊ ကျူးကျော်စစ်သည် ပူတင်၏ ရွေးချယ်မှုသာဖြစ်ကြောင်း ဘိုင်ဒန်က တုန့်ပြန်သည်။

ပူတင်သည် အမေရိကန်၊ ရုရှား နှစ်နိုင်ငံနျူကလီးယား လက်နက် အရေအတွက်ကို ကန့်သတ်ပေးသည့် ၂၀၁၀ ခုနှစ် New Start လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး နျူကလီးယား စမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်သွားနိုင်သည်ဟု သတိပေးခဲ့သည်။

ယင်းသည် ကြီးမားသည့် အမှားဖြစ်သည်ဟု ဘိုင်ဒန်က ပြောသည်။ Bucharest Nine ဟုခေါ်သော ဥရောပ အရှေ့ပိုင်း မဟာမိတ်များနှင့် မတွေ့ဆုံမီ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

အမေရိကန်၏ နေတိုးအဖွဲ့အပေါ် ခံယူချက်သည် ရှင်းလင်းကြောင်း၊ အပိုဒ်ခွဲ ၅ သည် အမေရိကန်တို့၏ အလေး ထားရာ ဖြစ်ကြောင်းနှင့် နေတိုး၏ တစ်လက်မချင်းတိုင်းကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောသည်။

အပိုဒ်ခွဲ ၅ တွင် နေတိုးအဖွဲ့၏ မည်သည့် အဖွဲ့ဝင်နိုင်ငံကိုမဆို ကျူးကျော်တိုက်ခိုက်ခြင်းသည် အားလုံးအပေါ် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းကို စုပေါင်းတုန့်ပြန်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ဘိုင်ဒန်နှင့် တွေ့ဆုံခဲ့သော နိုင်ငံ့ခေါင်းဆောင် အများစုသည် ယူကရိန်းအား စစ်ဘက်ဆိုင်ရာ အကူအညီများစွာ ပေးနေကြသူများ ဖြစ်သည်။

နေတိုးအဖွဲ့တွင် ဆွီဒင်၊ ဖင်လန်တို့ကဲ့သို့ နိုင်ငံများ မကြာခင် ပါဝင်လာတော့မည်ဖြစ်ပြီး ယင်းကို ရုရှားနိုင်ငံ အတွက် အရေးကြီးသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားသည်ဟု ရုရှားဘက်က ပြောသည်။

Source: Reuters