CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့သို့တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

သက်ဆိုင်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ဖြစ်ပေါ်လာရေး ကြိုးပမ်းမှုတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

PPST ဗိုလ်မှူးကြီးစောကျော်ညွန့်က “ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကလည်း ကျနော်တို့ ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ နိုင်ငံကို ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖက်ဒရယ်ဆိုရင်လည်းပဲ ဖက်ဒရယ်နဲ့ သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံး ဒီမိုကရေစီ ဆိုရင်လည်းပဲ ပြည်သူကို ကိုယ်စားပြုမှု အားကောင်းတဲ့ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ကျနော်တို့က စကားပြောနိုင်ဖို့ အချင်းချင်း တိုင်ပင်ညှိနှိုင်းနိုင်ဖို့ ကျနော်တို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက် မှု ရှိခဲ့တာတော့ အမှန်ပါပဲ။ သို့သော်လည်းပဲ ခုနပြောပြောနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကတော့ ကျနော် တို့ တက်လှမ်းနိုင်ခြင်း မရှိသေးပါဘူး” ဟု ပြောသည်။

NSPNC နှင့် DKBA၊ KNU/KNLA-PC ခေါင်းဆောင်များတွေ့ဆုံစဉ်

လက်ရှိမှာလည်း နစကနှင့် တစ်ဖွဲ့ချင်း သွားရောက်တွေ့ဆုံနေပြီး အစုအဖွဲ့အားလုံးနှင့် တွေ့ဆုံနိုင်ရေး ကြိုးပမ်း နေသလို လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်မှုနှင့်အတူ လက်နက်ကိုင် ပဋိက္ခများ ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိ တော့ကြောင်း သိရသည်။

သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် RCSS/SSA(ရှမ်း)၊ DKBA (ကရင်)၊ KNU/KNLA-PC (ကရင်)၊PNLO (ပအိုဝ်း)၊ ALP (ရခိုင်)၊ LDU(လားဟူ)၊ NMSP(မွန်) စသည့် လက်နက်ကိုင် အဖွဲ့များ အပြင် NCA မထိုးရသေးသော UWSA(ဝ)၊ NDAA(မိုင်းလား)၊ SSPP/SSA(ရှမ်း) တို့နှင့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များ ဆွေးနွေးလျက်ရှိသည်။

NSPNC နှင့် PPST  အဖွဲ့၀င်များတွေ့ဆုံစဉ်

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဒီ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီအချိန်က ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက NCA ပြဋ္ဌာန်းချက်အရ ကျနော်တို့က အတိုင်းအတာ တစ်ခုအထိ အဆင်ပြေပြေ လုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းအရ သော် လည်းကောင်း၊ Stakeholders (သက်ဆိုင်သူများ) တွေအနေနဲ့ အပြောင်းအလဲ မပြည့်မစုံ အခြေအနေအရ လည်း ကောင်း ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာကတော့ အရင်ကထက် စာလို့ရှိရင်တော့ အများကြီး အခက်အခဲ တွေ စိန်ခေါ်မှုတွေ ဖြစ်ခဲ့တယ်၊ ဖြစ်ဆဲလည်း ဖြစ်တယ်ဆိုတာကိုတော့ ဒါက ပကတိအရှိတရားပဲ ဆိုတာကိုတော့ ကျနော့်အနေနဲ့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

PPST ကို NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။

NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ် ရေးထိုးထားသည်။