CNI News

၂၀၂၂ ခုနှစ်၊ မေလ ၇

နစက ဥက္ကဋ္ဌက ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) မှ အဖွဲ့ဝင် ၅ ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)တို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ကြားမှုနှင့် ပတ်သက်၍ မေလ ၆ ရက်နေ့က ကျင်းပသည့် PPST ၏ အထူးအစည်းအဝေးတွင် အဖွဲ့အသီးသီးမှ သဘောထား ပေးခဲ့ကြကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ မနေ့က ကျနော်တို့ အစည်းအဝေးထိုင်တဲ့ အချိန်မှာတော့ PPST က တက်ဖို့ သဘောထားပေးတဲ့ အဖွဲ့က ၅ ဖွဲ့ရှိတယ်၊ ကျန်တဲ့ ၂ ဖွဲ့ကတော့ သူတို့ ဗဟိုကော်မတီ အစည်းအဝေးတွေ ပြန်ထိုင်ဖို့ ရှိသေးတယ်ဆိုတော့ သဘောထား မပေးနိုင်တဲ့ အဖွဲ့က တစ်ဖွဲ့ရှိတယ်၊ ပြီးတော့ နောက်တစ်ဖွဲ့က သူတို့ အဖွဲ့အစည်း အနေအထား လက်ရှိ အခက်အခဲအရ ဒီပွဲတစ်ပွဲကိုတော့ လောလောဆယ် တက်ဖို့ အစီအစဉ် မရှိသေးဘူးဆိုပြီးတော့ သဘောထားပေးတဲ့ အဖွဲ့ တစ်ဖွဲ့ရှိပါ တယ် ” ဟု ပြောသည်။

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် PPST အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ ဖြစ်ကြသည်။

UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်(ဖရွန်းတီးယားမြန်မာ)

ထို့နောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)လည်း တက်ရောက်မည်ဖြစ်ကြောင်း၊ FPNCC အနေဖြင့် တက်ရောက်ခြင်းမဟုတ်ကြောင်း NDAA ၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကြည်မြင့်က “ကျနော်တို့ကတော့ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေးကိစ္စနဲ့ စားပွဲပေါ်မှာ ဆွေးနွေးမယ်ဆိုတော့ တက်မယ်ဆိုပြီး တောက်လျှောက် ဆုံးဖြတ်ထားတာပဲ။ အဲလိုရှိရင်တော့ ကျနော်တို့ တက်မှာပါ”ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ တက်ဖြစ်၊ မတက်ဖြစ် မသိရှိရသေးကြောင်း၊ လက်ရှိ အချိန်ထိ ဆွေးနွေး တိုင်ပင်နေကြကြောင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်း က CNI သတင်းဌာနသို့ ပြောသည်။

KNU အဖွဲ့၀င်များကိုတွေ့ရစဉ်

ဦးညီရမ်းက “အခုချိန်ထိပေါ့နော် ကျနော်တို့ ဗဟိုဌာနချုပ်က ဘာမှပြောသံတော့ မကြားသေးဘူးပေါ့။ ကျနော်တို့ အဖွဲ့က သိတဲ့ အတိုင်းပဲလေနော်၊ ဗဟို ပေါ်လစ်ဗျူရို ရှိတယ်လေ၊ အဲဒါ ဗဟို ပေါ်လစ်ဗျူရိုရဲ့ စည်းဝေး ဆုံးဖြတ်ချက်တွေက ဖြစ်ပေါ် လာတဲ့ ကိစ္စလေ၊ အဲဒီတော့ အခုချိန်ထိတော့ ဆွေးနွေးတိုင်ပင်တုန်းလို့တော့ သိရတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်နေသူတချို့ကတော့ UWSA “ဝ”အဖွဲ့ တက်ရောက်မည်ဟု ပြောကြောင်း ကြားသည် ဟု ဆိုကြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မြောက်ပိုင်းသုံးဖွဲ့ တို့ကတော့ တက်ရောက်မည် မဟုတ်ကြောင်း၊ ချင်းအမျိုးသားတပ်ဦး (CNF)ကို နစကဘက်က မဖိတ်ထားကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ တချို့ထံမှ ကြားသိရသည်။

နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်ဆောင်များအနေဖြင့် မေလ ၉ ရက်တွင် နောက်ဆုံးထား စာရင်းပေးပို့ စေလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။