CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)ဒုဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (ဇွန်လ ၃ ရက်) နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယနေ့ ညနေတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တချို့နှင့် NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့တို့ နေပြည်တော်မှာ တွေ့ဆုံ မည်ဖြစ်ကြောင်း၊ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နောက်ရက်များတွင် တွေ့ဆုံကြမည် ဖြစ်သည်။

NDAA နှင့် နီးစပ်သူ တစ်ဦးက “ ဟုတ်တယ်၊ မနက်ဖန်က စနေနေ့ဆိုတော့ ဖြစ်/မဖြစ် မသေချာသေး၊ တွေ့ရင်တော့ တပ်ချုပ်နဲ့ အရင်တွေ့မှာပေါ့”ဟု ပြောသည်။

NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ဇွန်လ ၃ ရက်က ကျိုင်းတုံလေဆိပ်မှ နေပြည်တော်သို့ လာရောက်စဉ်

NDAA ကိုယ်စားလှယ် အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးစံပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် အပါအဝင် ၁၃ ဦး ပါဝင်ကြောင်း၊ ယနေ့ (ဇွန်လ ၃ ရက်) ကျိုင်းတုံ လေဆိပ်ကနေ နေပြည်တော်သို့ တပ်မတော်အထူးလေယာဉ်ဖြင့် လာရောက်ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း၊ မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ဖိတ်ခေါ်ထားသည်။

ထို့နောက် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ "ဝ"ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် တွေ့ဆုံ ဆွေးနွေး ထားပြီး ဖြစ်သည်။