CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

နစက အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေခြင်းသည် နိုင်ငံတကာ သံတမန်ရေးရာတွင် အသာစီးရအောင် လုပ်နေခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ထက်နီက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း နစကဥက္ကဋ္ဌက ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ လက်နက်ကိုင် ၄ ဖွဲ့နှင့် နစကတို့ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်သည်။

ဆလိုင်းထက်နီက “တိုင်းရင်းသားအရေးပဲ မဟုတ်ဘဲနဲ့ တစ်ပြည်လုံးအရေး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်၊ ဒီဆွေးနွေးပွဲကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံအရ ကျနော်တို့က အယုံအကြည် မရှိဘူး။ သူ့ရဲ့ ဖိတ်ခေါ်တဲ့ ပုံစံကလည်း တစ်ဖွဲ့ချင်း တက်တာတွေ၊ ဖိတ်တာတွေဆိုတာက အမှန်ဆို ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ သူအားလုံး ပါဝင်ပြီး ဖိတ်ခေါ်ရမှာ ဖြစ်တယ်၊ အဲဒါကြောင့် သူဖိတ်ကြားတဲ့ ပုံစံကို ကျနော်တို့က အယုံအကြည် မရှိဘူး၊ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်၊ နိုင်ငံတကာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကျနော် ဖိတ်နေပါတယ်ဆိုပြီးတော့ နိုင်ငံတကာ မှာ နိုင်ငံရေး အသာစီးရအောင် လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်သည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့၏ တိုင်းရင်းသားအရေးကို အလုပ် ဟုလည်းကောင်း၊ တချို့ လက်နက်ကိုင် အဖွဲ့အစည်းများမှာ ငြိမ်းချမ်းရေးကို မသိချင်ယောင် ဆောင်နေကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ် တွေ့ဆုံစဉ်

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်တွင်းမှာ အဓိကတွေ့ရတဲ့ အခက်အခဲကတော့ တိုက်ရိုက် ပါဝင်ပတ်သက်သူတွေ ကိုယ်တိုင် တချို့က တိုက်ရိုက် ပါဝင် ပတ်သက်သူတွေ ကိုယ်တိုင်၊ နံပါတ်တစ်ကတော့ သိလျက်နဲ့ မသိချင်ယောင်ဆောင်ခြင်း၊ တိုက်ရိုက် ပါဝင် ပတ်သက်သူတွေ ကိုယ်တိုင်၊ သိလျက်နဲ့ မသိချင်ယောင်ဆောင်ခြင်း၊ နံပါတ်နှစ်အချက်ကတော့ တိုက်ရိုက် ပါဝင် ပတ် သက်သူတွေ ကိုယ်တိုင် မသိချင်ယောင်ဆောင်တာ မဟုတ်ဘူး။ မကြားချင်ယောင် ဆောင်တာပေါ့ဗျာ၊ မသိချင်ယောင် ဆောင် ခြင်းနဲ့ မကြားချင်ယောင် ဆောင်ခြင်းက‌တော့ အဓိက အခက်အခဲပါပဲ။ NCA စာချုပ် ဖြစ်ပေါ်လာဖို့ ဆိုလို့ရှိရင် ဘယ်မှာ အခြေ ခံ သလဲဆိုရင် လိုင်ဇာမှာ အခြေခံခဲ့တယ်၊ KIA မှာ အခြေခံခဲ့တယ်၊ NCA စာချုပ်ကို ထပ်ပြီး မြှင့်တင်တာတို့၊ NCA စာချုပ်ကို ထပ်ပြီး အတည်ပြုခဲ့တာ ဘယ်မှာလဲဆို လော်ခီးလားမှာ KNU က ခုငြိမ်းချမ်း‌ရေးဆွေးနွေးတဲ့ အခါမှာ KNU, KIA ပါလား။ ကျ‌နော်တို့ ဆွေးနွေးနေတာ သူတို့ ဆွဲခဲ့တဲ့ဟာအတိုင်း ဆွေးနွေးနေတာလေ။ ပါလား အဲဒါကို မသိချင်ယောင်ဆောင်ခြင်းလို့ ခေါ်တယ်” ဟု ပြောသည်။

လက်ရှိ နစကမှာ ၂၀၀၈ တွင် မပါသည့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ၎င်းတို့ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မသိချင်ယောင်ဆောင်ခြင်း မဟုတ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

၎င်းက “ပြတ်ပြတ်ပြောရရင်တော့ သူ့ရဲ့ နိုင်ငံတကာမှာ နိုင်ငံရေး ထွက်ပေါက်အတွက် အဲဒီလို လုပ်နေတယ်၊ အဲဒီ ထွက် ပေါက်ဆိုတာ ဘာလဲ ရှင်းတယ်၊ နောက်နှစ် ဩဂုတ်မှာ သူက ရွေးကောက်ပွဲ လုပ်မလို့၊ အဲဒီရွေးကောက်ပွဲလုပ်ဖို့ အဲဒီ ရွေး ကောက်ပွဲ တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတဲ့ PR ပုံစံနဲ့ လုပ်မယ်လို့ ကျနော်တို့ သိရတယ်၊ သူက ကြိုက်သလို လုပ်နေတယ်၊ အဲဒီလို လုပ်လိုက်ရင် တိုင်းရင်းသားတွေကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ ချဉ်းကပ်ပြီးတော့ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အောင် လုပ်မယ်၊ အဲဒီမှာ PDF တွေကို ဖြုတ်မယ် ပြီးတော့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာလည်း PR စနစ် နဲ့ဆိုတော့ အဲဒါ ပြည်သူလူထုရဲ့ ဆန္ဒပါသော မပါသောသူက ဂရုစိုက်တာ မဟုတ်ဘူး။ အဲဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ။ သူ့ဟာသူ ကြိုက်သလို လုပ်ပြီး ကစားနေတဲ့ပုံ ဖြစ်နေတယ်၊ ကျနော်တို့က သူဖိတ်ခေါ်တာတွေ မသိချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ သိတယ်”ဟု ပြောသည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

မကြာခင်မှာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။