CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် တိုင်းရင်းသားများ တည်ဆောက်လိုသည့် ဖက်ဒရယ်ပြည်ထောင်စုအတွက် လမ်းစ သို့မဟုတ် အခွင့်အလှမ်း တစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

နစကဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း၊ EAO ခေါင်းဆောင်များနှင့် မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့ နောက်ဆုံးထား တက်ရောက်မည့် လူပုဂ္ဂိုလ်များ၏ စာရင်းပေးစေလိုကြောင်း ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် ထောင်ချောက်ဆိုသည်ထက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကို တောင်းဆိုနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လမ်းစတစ်ခုဖြစ်နိုင် သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးရဲထွန်းက “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်ကကြည့်ရင် ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၀ ကနေ ၂၀၂၀ အထိ ပေါ့၊ ဘာပဲဖြစ်ဖြစ် တပ်က ရေးဆွဲချမှတ်ထားတဲ့ လမ်းအတိုင်း လျှောက်ရတာပဲလေ။ တပ်က ပိုင်ပိုင်နိုင်နိုင် အာဏာကို ဆုပ်ကိုင် ထားနိုင်တဲ့ အခြေအနေမျိုးမှာဆိုလို့ရှိရင် တပ်နဲ့ပဲ ညှိလို့ရှိရင် အဆင်ပြေတယ်ဆိုတဲ့ အဓိက၊ ကာချုပ်က သူကိုယ်တိုင် တွေ့ပါ မယ်လို့ ပြောပေမယ့် ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြီးတော့ ပြင်ဆင်ပြီးတော့ သွားကြတာပေါ့ဆိုရင်တော့ နဂို အတိုင်း ပြန် ရောက်သွားမှာ။ အဲတော့ ဘာကိုတောင်းဆိုသင့်တာလဲဆိုတော့ ဟုတ်ပြီ အနာဂတ် သာယာဝပြောတဲ့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ရေးကို တည်ဆောက်မယ့် နိုင်ငံတော်အတွက်ကို အခြေခံဥပဒေအသစ် ပြန်ရေးမှာလား။ ခင်ဗျား ပြန်ရေးပေး နိုင်တဲ့ အဲလို အခြေအနေရှိတယ်၊ အဲတော့ ခင်ဗျားအဲတာကို လုပ်ပေးမှာလားဆိုတာက အရေးကြီးတာ၊ ထောက်ချောက်တော့ မဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တောင်းဆိုရမှာ”ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖြင့် ဖွဲ့ စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ် ခေါ်ချက်သည် ထောင်ချောက်လား၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခွင့်အလှမ်းလားဟူ၍ ဆွေးနွေးခဲ့ ကြကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်းဆိုင်က “ဒီဥစ္စာကိုတော့ အခွင့်အရေးအဖြစ် မြင်တဲ့လူတွေလည်း ရှိတာပေါ့ဗျာ။ ထောင်ချောက်လို့ မြင်တဲ့လူလည်း ရှိ တာပေါ့။ ဒီလိုမျိုးကို ပြီးခဲ့တဲ့ ၂၀၁၁ ကလည်း တစ်ခါပေါ့ဗျာ။ ၂၀၁၁ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်တဲ့ အခါကျတော့ ဟာ ဒါက အခွင့်အလှမ်းလား၊ ထောင်ချောက် လားလို့ အဲလိုမြင်ခဲ့ကြတယ်။ ဒါပေမယ့် သူက အခွင့်အလှမ်း ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အခွင့်အလှမ်း ဖြစ်မလား၊ ထောင်ချောက်ဖြစ်မလားဆိုတာကတော့ ကျနော်တို့ PPST အစည်းအဝေးထဲမှာ ဆွေးနွေးတဲ့ အခါ ကျတော့ အခွင့် အလှမ်းလို့ပဲ မြင်ပြီးတော့ သွားမယ်ဆိုရင်တော့ ဒါကတော့ လူအပေါ့ဗျာ။ တကယ်လို့ ထောင်ချောက်အဖြစ် မြင်ပြီးတော့ သွားမယ်ဆိုလို့ရှိရင်လည်း ဒါကတော့ သူရဲဘောနည်းတယ်ပေါ့ဗျာ။ အဲလိုပြောကြတာရှိတယ်။ အကုန်လုံး သွားမယ်ဆိုရင် တော့ ပြင်ဆင်ပြီးမှသွားကြရမယ်ဆိုပြီးတော့ ပြောတာတော့ရှိတယ်။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံ 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အစုအဖွဲ့ တစ်ခု အဖြစ် တည်ရှိခဲ့သော်လည်း တခြားဘက်မှာတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဟု ကွဲပြားနေခြင်းကြောင့် ရှေ့ရောက်သင့် သ လောက် မရောက်ဘဲ ဖြစ်ခဲ့ကြောင်း ထောက်ပြမှုများ ရှိခဲ့ကြသည်။

သို့သော် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့မှာ ညီညွတ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်-ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ကို ချုပ်ဆိုနိုင်ခဲ့သလို ထို ၁၄ ဖွဲ့ထဲမှ ၈ ဖွဲ့ဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ထိုးနိုင်ခဲ့သည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရ တာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တာဝန် ရယူခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ဆက် ဖော်ဆောင်ခဲ့ရာမှာ NCA အား မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သလို ထိုနှစ် နိုဝင်ဘာလ၌ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)တွင် ပါဝင်မှု ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။

NCA လက်မှတ်ထိုးခြင်း အခမ်းအနား

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ အခု SAC ခေါင်းဆောင် ကိုယ်တိုင် တွေ့မယ်လို့ ပြောတယ်။ ဒါက မြန်မာပြည်မှာ တိုင်းရင်းသားတွေ တည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် လမ်းစပွင့်တာပဲ၊ ဒီဆွေးနွေးပွဲကနေ ဆက်သွား နိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်အတွက်လည်း ကောင်းတယ်”ဟု ပြောသည်။

လက်ရှိတွင် နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ NCA ထိုးထားသည့် NMSP၊ LDU၊ RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA-PC တို့အပါအဝင် NCA မထိုးရသေးသည့် UWSA၊ NDAA၊ SSPP တို့ တက်ရောက်ကြမည်ဖြစ်သည်။

ထို့နောက် NCA ထိုးထားသည့် KNU၊ CNF၊ ABSDF တို့အပါအဝင် NCA မထိုးရသေးသည့် KIA၊ AA၊ TNLA၊ MNDAA၊ KNPP တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်လာမည့် လက်နက်ကိုင် အဖွဲ့များဖြင့် တစ်ဖွဲ့ချင်း သီးသန့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် နစက အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဖြင့် လက်နက်ကိုင်အဖွဲ့များ ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။