CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့် လုပ်ရပ်များကို လုပ်ဆောင်သော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အရေးယူသွားမည်ဟု ယနေ့ (မေလ ၁၀ ရက်)တွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ သတိပေး ထုတ်ပြန်ခဲ့သည်။

နမ့်တောဒေသတွင် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများထံ အဓမ္မ ငွေကြေးများ ကောက်ခံလျက်ရှိသည်ကို ကြားသိရကြောင်း၊ နမ့်တောရွာ အ.မ.က စာသင်ကျောင်းအတွင်း ဒေသခံ ပြည်သူများအား စုဝေးစေပြီး လက်နက်များဖြင့် ခြိမ်းခြောက် ပြောဆို ကာ ငွေကြေးများ ကောက်ခံရေးအတွက် သတိပေး ပြောကြားကြောင်း သိရသည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လုပ်ဆောင်မှုသည် ဒေသတွင်း ပြည်သူလူထုများအပေါ် မငြိမ်မသက်ဖြစ်စေခြင်း၊ ပိုမို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း အပြင် မိမိတို့ SNA ၏ အမျိုးသားရေး လုပ်ငန်းများအား နှောက်ယှက်ဖျက်ဆီးသကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။

SNA မှ “မိမိတို့ ဒေသတွင်းတွင် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး ကာလအခြေအနေအရ အဆိုပါ အဖွဲ့အစည်းများအား သွားလာလှုပ်ရှားမှုကို အတိုင်းအတာအရ နားလည်ပေးသော်လည်း မိမိတို့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေမည့် အဓမ္မငွေကြေး ကောက်ခံခြင်းမှ အစ မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်။ ရှမ်းနီ တိုင်းရင်း သား လူထု၏ ဘိုးဘွားပိုင်ဆိုင်ရာ ဒေသနှင့် ဒေသတွင်း ပြည်သူများ တိုးတက်ဖွံ့ဖြိုးရေးအား တစ်နည်းနည်းဖြင့် နှောက်ယှက် ဖျက်ဆီးကြသော မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အရေးယူ ကာကွယ်သွားမည် ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေး လိုက်သည်” ဟု ပြောသည်။

နမ့်တောကျေးရွာကိုတွေ့ရစဉ်

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်တို့ တွင် လှုပ်ရှားလျက်ရှိသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီး ခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သည်။