CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာတွင် နေထိုင်သော ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နာယက ဦးသန်းဖေ အသတ်ခံရမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဇွန် ၂၇ က ထုတ်ပြန်ခဲ့သည်။

ရှမ်းနီဒေသရှိ လူထုကို မတရားသဖြင့် အကြောင်းမဲ့ သတ်ဖြတ်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို ကန့်ကွက်ကြောင်း၊ ထို လုပ်ရပ်မျိုး ဆက်လက် လုပ်ဆောင်နေပါက ထိရောက်စွာ တုံ့ပြန်မည်ဟု SNA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ဘယ်လို ဆောင်ရွက်သွားဖို့ ရှိလဲဆိုတာက ပြောရလို့ရှိရင် ကျနော်တို့ ပြည်သူလူထုကို ရှမ်းနီပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျနော်တို့ ပြည်သူလူထုကို မတရားသဖြင့် အကြောင်းမဲ့ သတ်ဖြတ်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ဆက်ပြီး လုပ်ကိုင်နေဦးမယ် ဆို ရင်တော့ ကျနော်တို့ အနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေကို လုပ်ကိုင်ဆောင်ရွက် သွားလိမ့်မယ်” ဟု ပြောသည်။

ဦးသန်းဖေသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ၎င်း၏ နေအိမ်တွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရ သည်။

ဖားကန့်မြို့အ၀င်ကိုတွေ့ရစဉ်

အဆိုပါ ဖြစ်စဉ် မဖြစ်ပွားခင် နေ့ပိုင်းက နမ့်စပိန်းကျေးရွာ ခရစ်ယာန်သင်းအုပ်ဆရာ ခွန်ပွဲ့ဇော်အောင်နှင့် ကချင်မနောတိုင် စိုက်ထူရေးကိစ္စ၊ ကျောင်းဖွင့်ရေး ကိစ္စများဖြင့် စကားအချေအတင် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ၆

နာရီခန့်အကြာတွင် ဦးသန်းဖေ လုပ်ကြံ သတ်ဖြတ်ခံရသည့်အတွက် များစွာ သံသယဖြစ်မိကြောင်း SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခွန်ပွဲ့ဇော်အောင်ဆိုသည့် သင်းအုပ်ဆရာမှာ ရိုမန်ကတ်သလစ် သင်းအုပ်ဆရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ နှစ်ခြင်းခရစ်ယာန် တွင် အဆိုပါ သင်းအုပ်ဆရာမရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က CNI သတင်း ဌာနသို့ ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်အခုပဲ KBC သင်းအုပ်ဆရာနှစ်ပါးနဲ့ စကားပြောပြီးပြီ။ သူတို့နဲ့ ဘာမှ စကားမှားချက် လည်း မရှိဘူး၊ တွေ့လည်း မတွေ့ ကြဘူးတဲ့။ အဲဒီရွာမှာ ဆိုင်းပုတ် မနောတိုင်ပါတဲ့ အဲဒီရွာနာမည် ရေးဖို့တော့ အစီအစဉ်တော့ ရှိကြတယ်။ ဒါပေမဲ့ ဘယ်တော့ လုပ်ဖို့ ဆိုတာလည်း သူတို့က မသိဘူးတဲ့။ သဘောပြောချင်တာက ခုန ရှမ်းနီထုတ်တဲ့ အဲဒီ သင်းအုပ်ဆရာနဲ့ ရန်ဖြစ်ပြီးမှ လုပ် တယ်ဆိုတာကတော့ အခုလက်ရှိ အဲဒီရွာမှာရှိတဲ့ သင်းအုပ်ဆရာနှစ်ပါးကို မေးကြည့်တယ်။ သူတို့က မသိဘူးလို့တော့ အဲဒါကို ပြောပြတာပါ”ဟု ပြောသည်။

PDF ဖမ်းဆီးမှုခံရပြီး ပြန်လွတ်လာတဲ့ စိုင်းဆေလိုင်း

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး ရိုမန်ကတ်သလစ် သင်းအုပ်ဆရာများကို CNI သတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

လက်ရှိအချိန်ထိ ဦးသန်းဖေကို လုပ်ကြံသတ်ဖြတ်သွားသူမှာ မည်သည့် အဖွဲ့အစည်း (သို့မဟုတ်) မည်သူ ဖြစ်သည်ကိုတော့ မသိရသေးပေ။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကလည်း ရှမ်းနီလူငယ် ကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို PDF များ ဖမ်းဆီးသွားပြီး ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းနီနိုင်ငံရေးပါတီ များ၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် SNA က နောင်တွင် အလားတူ ဖြစ်ရပ်မျိုးကဲ့သို့ မတရား အနိုင်ကျင့်မှုများအား ရှမ်းနီဒေသ အပါအဝင် ပြည်ထောင်စု၏ မည်သည့်နေရာတွင်မှ မရှိသင့်ကြောင်း၊ အဆိုပါ ရက်စက်မှုအား ပြန်လည် ကာကွယ် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ခဲ့သည်။