CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈

နစကမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ခဲ့သော်လည်း ပထမတစ်ကြိမ်မှာပင် မတက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs) သဘောထား ပြောင်းလဲနိုင်ခြေမရှိဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်း ]ရေး ဆွေးနွေးပွဲသို့ လာရောက်ရန်၊ တက်ရောက်မည့် သူများအနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေး ]ရန် နစက-က ဇွန်လ ၁၄ ရက်တွင် ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည်။

ဦးရဲထွန်းက “အခု လောလောဆယ်တော့ သူတို့ ချက်ချင်းကြီး သဘောထား ပြောင်းမယ်မထင်ဘူး။ တစ်ဖွဲ့ချင်းကို သီးသန့် ဖိတ်ကြားရင် မပြောတတ်ဘူးပေါ့။ အခုလိုခြုံပြီးတော့ မတက်သေးတဲ့ လာပြီးတော့ မတက်သေးတဲ့ အဖွဲ့တွေလည်း လာတက် ကြပါလို့ အဲဒီလိုမျိုး ခြုံပြီးတော့ ဖိတ်ခေါ်တာက သူတို့ရဲ့ မကြာသေးခင်ကမှ မတက်ဘူးလို့ ထုတ်ပြန်ထားတဲ့ သဘောထားကို ချက်ချင်း အပြောင်းအလဲတော့ လုပ်မယ်လို့ ကျနော်မထင်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစကမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ထပ်မံဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ဗဟိုကော်မတီမှ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးနော်ဘူက “အဲဒါလည်း ကျနော် အမြဲတမ်းပြောနေတာ ကျနော်လည်း အဲဒီကိစ္စလည်း ဖြေကြားလို့ မရဘူး။ ဗဟို ကော်မတီ ဆုံးဖြတ်ချက်ချမှပဲ ကျနော်က ပြောလို့ရမှာပါ။ ဒီတစ်ခါလာမှာလား၊ မလာဘူးလား၊ အဲဒါတွေ ကိစ္စတွေကတော့ ကျနော် တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်လို့ ပြောလို့မရဘူး” ဟု ပြောသည်။

လက်ရှိတွင် တပ်မ‌တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်း ရှိ/ မရှိ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို KIA၊ KNU၊ KNPP နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ တက်‌ရောက်မှာ မဟုတ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “ပါဝင်လာစရာ မရှိပါဘူး။ အဲဒီကိစ္စက ရှင်းပြီးသားပါ။ ဒီ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အနေနဲ့ ဒီတွေ့ဆုံ ဆွေးနွေးရတဲ့ ၉ ဖွဲ့ဆိုတာက သူတို့နဲ့ စစ်ရေးပဋိပက္ခလည်း မရှိ၊ နိုင်ငံရေး ပဋိပက္ခလည်း မရှိတဲ့ အင်အားစုတွေ ဖြစ်တဲ့ အခါ ကြတော့ ဆွဲဆောင်ပြီးတော့ ဖဲ့စည်းရုံးချင်တဲ့ အင်အားစုတွေက KIA တို့၊ ကရင်နီတို့၊ KNU တို့လို အဖွဲ့အစည်းတွေ ဖြစ်နေတဲ့ အခါကြ‌တော့ နောက်တစ်ခုက အဲဒီအထဲမှာပါတဲ့ ညီနောင်သုံးဖွဲ့လည်း ပါတာပေါ့။ ဒီလိုအဖွဲ့တွေကများ သူစွဲဆောင်စည်းရုံးလို့ ရမလားလို့ ထပ်စည်းရုံးတာပါ။ ဒါပေမဲ့ ဒီအဖွဲ့တွေက လာဖို့ သဘောထား လုံးဝမရှိပါဘူး” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး

နစကနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သလို လက်ရှိမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် တွေ့ဆုံဆွေးနွေး လျက်ရှိ သည်။

ထို့နောက် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည် တိုးတက် ရေးပါတီ (SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။

သို့သော်လည်း KIA၊ KNU၊ KNPP၊ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှာ နစက၏ ဖိတ်ခေါ်မှု တွင် ဆွေးနွေးရန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။