CNI International News

စိန့်ပီတာစဘတ်၊ ဇွန်လ ၁၈

ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အထင်ကရ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က “ဆင်ခြင်တုံ တရား ကင်းမဲ့၍ ရူးသွပ်မိုက်မဲသော ဒဏ်ခတ် ပိတ်ဆို့မှုများကို မိမိနိုင်ငံ၏ စီးပွားရေးက ကျော်လွှားသွားနိုင်မည်”ဟု ဇွန်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာမြေသို့ ဘုရားသခင် စေလွှတ်သည့်ပမာ အမေရိကန် ပြုမူနေကြောင်းလည်း ပူတင်က အပြစ်တင်ရှုတ်ချခဲ့သည်။

ပူတင်သည် စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် နိုင်ငံတကာ စီးပွားရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် “အမေရိကန် အပါအဝင် ရုရှားကို အားပျော့စေလိုသော နိုင်ငံများကို နှစ်ရှည်လများ ရှုတ်ချသွားမည်ဖြစ်ကြောင်း” စတင်ပြောကြားခဲ့သည်။

(၁၉၉၀ ပြည့်လွန်နှစ်များက) စစ်အေးတိုက်ပွဲတွင် အောင်ပွဲခံကြောင်း အမေရိကန် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတို့ ကိုယ်ကို ကမ္ဘာမြေပေါ်သို့ ဘုရားသခင် စေလွှတ်သည့် တမန်တော်များသဖွယ် ယူဆလာကြသည်ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

ရုရှားသည် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံထဲသို့ ၎င်းတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး အနောက်အုပ်စု၏ အပြင်းအထန် ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရသည်။

ရာနှင့်ချီ‌သော နိုင်ငံခြားကုမ္ပဏီများလည်း ရုရှားနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခြင်း (သို့မဟုတ်) ကျောခိုင်း ထွက်ခွာခြင်းတို့ ရှိခဲ့သည်။

ဘိုင်ဒန်နဲ့ပူတင်ကိုတွေ့ရစဉ်

ရုရှားစီးပွားပျက်အောင် လုပ်ဖို့ ကြိုးစားခြင်းသည် အလုပ်မဖြစ်ကြောင်း ယခုဖိုရမ်၌ ပူတင်က ပြောကြားခဲ့သည်။

“ရုရှားစီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရအာဏာပိုင်တွေဟာ အဖွဲ့အစည်းပုံစံ၊ ကျွမ်းကျင်မှု(ပရော်ဖက်နယ်ရှင်)ပုံစံနဲ့ လုပ် ဆောင်ခဲ့ပါတယ်။ ကျနော်တို့ စီးပွားရေး အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် လုပ်နေတယ်။ ငွေကြေးဈေးကွက်၊ ဘဏ်စနစ်၊ ကုန်သွယ်ရေး စနစ်တို့ကို တည်ငြိမ်‌အောင် ထိန်းထားပေးတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှား၏ ခန့်မှန်းခြေ ငွေကြေးဖောင်းပွမှုနှုန်းသည် သိသိသာသာ ကျဆင်းသွားသော်လည်း လက်ရှိ ခန့်မှန်းထားသည့် နှစ်စဉ် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းဖြင့် များပြားနေဆဲဖြစ်ကြောင်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။

၎င်း၏မိန့်ခွန်းထဲတွင် ပူတင်က ယူကရိန်းနိုင်ငံအပေါ် ရုရှားလုပ်ရပ်များနှင့်ပတ်သက်၍ အသည်းအသန် ကာကွယ် ပြောကြား သွားခဲ့သည်။ ယူကရိန်းသည် မြောက်အတ္တလန္တိတ် စစ်စာချုပ်(နေတိုး)ထဲသို့ ပါဝင်လိုသည့် ဆန္ဒကြောင့် မိမိတို့အပေါ် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ၏ ခြိမ်းခြောက်မှု တစ်ခုဖြစ်လာသည်ဟု ၎င်းက အကြောင်းပြခဲ့သည်။

“တိုးပွားလာတဲ့ အန္တရာယ်တွေနဲ့ ခြိမ်းခြောက်မှု နောက်ခံ အခင်းအကျင်းတွေကြောင့် လက်ရှိအခြေအနေမှာ အထူးစစ်ဆင်ရေး တစ်ခု လုပ်ဆောင်ဖို့ ရုရှား ဆုံးဖြတ်ချတဲ့နေရာမှာ တွန်းအားတစ်ခု ဖြစ်လာခဲ့တယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

Source: AP