CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၈

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို(Nicolas Maduro)နှင့် ဆက်နွှယ်သူတစ်ဦးကို အမေရိကန်က ပိတ်ဆို့အရေးယူထား သည့် စာရင်းထဲမှ ဖယ်ရှားပေးလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

မာဒူရိုအစိုးရနှင့် အမေရိကန် ကျောထောက်နောက်ခံပြု ဗင်နီဇွဲလား အတိုက်အခံတို့အကြား ဆွေးနွေးညှိနှိုင်းရန် တွန်းအား ပေးနေကြောင်း ဝါရှင်တန်က ပြောကြားခဲ့ပြီး ရက်သတ္တပတ် အတန်ကြာပြီးနောက် ယင်းသို့ ပိတ်ဆို့မှု ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံမှ အစိုးရဘဏ္ဍာရေးမှူးဟောင်း ကားလို့စ်အီရစ်ခ်မယ်ပီကာဖရိုရက်စ်(Carlos Erik Malpica Flores)ကို ၂၀၁၇ ခုနှစ်က ဒီမိုကရေစီအရေး ပျက်ပြားစေသည်ဟု စွပ်စွဲချက်ဖြင့် အမည်ပျက်စာရင်း ထည့်သွင်းခဲ့ရာ ယခု ဇွန်လ ၁၇ ရက်တွင် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မယ်ပီကာဖရိုရက်စ်သည် ယခင်က အမျိုးသားရေနံကုမ္ပဏီ (PDVSA) တွင် ထိပ်တန်းရာထူး တာဝန်ယူခဲ့ဖူးပြီး ဗင်နီဇွဲလား သမ္မတကတော် စီလီယာဖရိုရက်စ် (Cilia Flores) နှင့် တူဝရီးတော်စပ်သည်။

ပြီးခဲ့သည့် မတ်လတွင် ဗင်နီဇွဲလား၏ မြို့တော် ကရက်ကက်၌ အမေရိကန်အစိုးရ ထိပ်တန်း တာဝန်ရှိသူများနှင့် မာဒူရိုတို့ ဆွေးနွေးမှုအပြီး အစိုးရနှင့်ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမားများအကြား စေ့စပ်ညှိနှိုင်းမှု စတင်နိုင်ခဲ့သည်ဟု ပြော၍ ရသည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို (Reuters)

ယခင်လက ဘိုင်ဒန်အစိုးရသည် အထက်ပါ ဆွေးနွေးပွဲများကို အားပေးရန် ကြိုးပမ်းမှု၏ တစိတ်တပိုင်းအဖြစ် ဗင်နီဇွဲလား အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတချို့ ဖြေလျှော့ပေးရေး လှုံ့ဆော်ပေးခဲ့သည်။ ထိုစဉ်က မယ်ပီကာဖရိုရက်စ်ကို ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းထဲမှ ဖယ်ရှားပေးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိနှစ်ဦးက အေပီသတင်းဌာနသို့ အသိပေး ပြောကြားခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံရေးသမား ဂျူယန်ဂွိုင်ဒို (Juan Guaido) ဦးဆောင်သော အတိုက်အခံအုပ်စုနှင့် အစိုးရတို့အကြား မက္ကစီကို စီးတီး၌ ဆွေးနွေးမှုများ မကြာမီ ပြန်လည် စတင်နိုင်မည်ဟု မိမိယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ယခင်သီတင်းပတ်၌ ပြောကြားခဲ့သည်။

မာဒူရို အနေဖြင့် အပေးအယူ လုပ်လာလျှင် ဗင်နီဇွဲလားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ထပ်မံ သက်သာရာရမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် ဝါရှင်တန်(အမေရိကန်) ဦးဆောင်၍ မကြာမီက ကျင်းပပြီးစီးခဲ့သော အမေရိကတိုက်ရှိ နိုင်ငံများ ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားသည့်ကိစ္စတွင် မာဒူရိုကို နီကာရာဂွါ နိုင်ငံ့ခေါင်းဆောင်၊ ကျူးဘားနိုင်ငံသမ္မတ တို့နှင့်အတူ ဖိတ်ကြားခြင်းမပြုဘဲ ဖယ်ချန်ခဲ့ခြင်းကြောင့် ဒေသတွင်း၌ ဝေဖန်မှုများ ဖြစ်ခဲ့သည်။
အထူးသဖြင့် ဗင်နီဇွဲလားကို ထိုအစည်းအဝေးမှ ဖယ်ချန်ခဲ့ရာ အမေရိကတိုက်အတွင်း ရွှေ့ပြောင်း နေထိုင်သူများအရေး ကိုင်တွယ်ဖြေရှင်းသည့်အခါ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အနေဖြင့် ရှုပ်ထွေးမှုရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့ကြသည်။

မကြာသေးမီ နှစ်များအတွင်း အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုစီးပွား အကျပ်အတည်းများ ရင်ဆိုင်ရခြင်းကြောင့် ဗင်နီဇွဲလား နိုင်ငံထဲမှ လူပေါင်း ၆ သန်းကျော် ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Source: Aljazeera