CNI International News

မင့်ခ်၊ဇွန်လ ၁၈

ရုရှားမြို့ကြီးများကို တိုက်ခိုက်မှုများ မပြုရန် ယူကရိန်းအာဏာပိုင်များကို ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ဇွန်လ ၁၇ ရက်တွင် သတိပေးခဲ့ကြောင်း BelTA သတင်းကို ကိုးကားလျက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ယူကရိန်းနိုင်ငံသားတွေနဲ့ ဇာလန်းစကီးဟာ (ရုရှားမြို့ကြီးတွေဖြစ်တဲ့) ကာ့ခ်၊ ရက်စ်တော့ဗ်၊ အိုရွိုင်း၊ ဘယ်လ်ဂါရဒ်နှင့် အနီးအနားက မြို့ကြီးတွေကို တိုက်ဖို့ တာဝေးပစ်လက်နက်တွေ တောင်းနေပါတယ်။ ဒါပေမယ့် ဘယ်အခြေအနေမှာ ဘာမလုပ်ရဘူးဆိုတာ အများသိအောင် ကျနော်တစ်ခါ ပြောခဲ့ဖူးပါတယ်” ဟု ဘယ်လာရုစ် နိုင်ငံ၊ ဘယ်လ်ရှီနာတာယာစက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံပွဲ၌ လူကာရှန်ကိုက ပြောကြားခဲ့သည်။

အဆိုပါကိစ္စအတွက် ရုရှားသည် အသစ်စက်စက်လက်နက်များကို ထုတ်သုံးမည်ဖြစ်ကြောင်း လူကာရှန်ကို၏ အဆိုအရ သိရသည်။

“ရုရှားထဲ ပစ်ဖို့ခတ်ဖို့ ဆုံးဖြတ်ချက်ချတဲ့သူတွေကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့(ရုရှား)က ကိယက်ဗ်ကို တိုက်တဲ့အခါ ဒီလက်နက်တွေကို အသုံးချတော့မယ်။

နည်းနည်းတော့ သူတို့ စိုးရိမ်တာရှိတယ်။ ဒါပေမယ့် အခြေအနေအားလုံး က ဒီစစ်ပွဲမှာ အမေရိကန် ဘယ်လိုဆက်ပြီး တွန်းအားပေးမလဲဆိုတဲ့အပေါ် မူတည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဘာအတွက်သုံးမှာလဲဆိုရင် စစ်ပွဲအတွက် သုံးမှာဗျ။ ဒါကြောင့် အခုက အစပဲရှိသေးတယ်။ ကမ္ဘာကြီးမှာ တန်ခိုး ဩဇာရှိတဲ့သူတွေက ပြန်လည်ဝေခြမ်းရေးလုပ်စရာတွေ အများကြီး ရှိနေပါပြီ။ အမေရိကန်တွေ ရှုံးတယ်လို့ သူတို့ ခံစားရပေမယ့် တကယ်တော့သူတို့ရဲ့ ချမ်းသာမှု မဆုံးရှုံးချင်ကြပါဘူး။ သူတို့က ထိပ်ဆုံးကနေပြီး တကမ္ဘာလုံးကို အုပ်စိုးချင်ကြတာလေ” ဟု လူကာရှန်ကိုက အလေးပေးပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန