CNI International News

ဘဲဂရိတ်၊ မေ ၃၀

ယူကရိန်းစစ်မီး တရှိန်ထိုးတောက်လောင်နေစဉ်အတွင်း ဆာဘီးယားသမ္မတက ရုရှားသမ္မတ ဗလာဒီမာပူတင် ထံသို့ တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး ရုရှားနှင့် အလွန်ကျေနပ်ဖွယ်ကောင်းသော သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘော တူညီချက်ရယူခဲ့ကြောင်း ကြေညာခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗာဆစ် (Aleksandar Vucic) က ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ရှုတ်ချရန် ငြင်းပယ်ခဲ့သည့်အပြင် အနောက်နိုင်ငံများ မော်စကိုအားပိတ်ဆို့အရေးယူမှုတွင်လည်း ပါဝင်ခြင်း မရှိခဲ့ပေ။

ဗာဆစ်သည် ဥရောပသမဂ္ဂ (EU) နှင့်အတူ ရပ်တည်လိုသော်လည်း မကြာသေးမီနှစ်များအတွင်း ရုရှားနှင့် ဆက်ဆံရေး ကို မိမိခိုင်မြဲအောင် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာမည့် ဇွန်လအစောပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် ဆားဘီးယားနိုင်ငံ၏မြို့တော် ဘဲဂရိတ်သို့ လာရောက်လည်ပတ်ရန် ရှိနေပြီး ဓာတ်ငွေ့ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိနေသည်။

ထိုသို့ လာဗရော့လာရောက်မည့်အစီအစဉ်သည် ယူကရိန်းကို ရုရှားစတင်ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်း ဥရောပနိုင်ငံတစ်နိုင်ငံသို့ ရုရှားအဆင့်မြင့်တာဝန်ရှိသူတစ်ဦး ရှားရှားပါးပါး လာရောက်ခြင်းဖြစ်လိမ့် မည်ဟု အေပီက ဆက်လက်ရေးသားထားသည်။

“ငြိမ်းချမ်းရေး အမြန်ဆုံး အထမြောက်စေချင်တယ်” ဟု ပူတင်ကို မိမိပြောကြားခဲ့ကြောင်း ဗာဆစ်က တယ်လီဖုန်း ခေါ်ဆိုမှုအပြီး ကြေညာခဲ့သည်။


ဆားဘီးယားနိုင်ငံသည် ရုရှားထံမှ သဘာဝဓာတ်ငွေ့အပေါ် လုံးဝနီးပါး မှီခိုသုံးစွဲနေရပြီး ၎င်း၏အရေးပါသော စွမ်းအင်ကုမ္ပဏီများမှာ ရုရှားအများစုပိုင်ဆိုင်မှုအောက်တွင် တည်ရှိနေသည်။

“ခင်ဗျားတို့ကို ကျနော်ပြောနိုင်တာကတော့ ဆားဘီးယားအတွက် အင်မတန်အဆင်ပြေစေမယ့် အဓိက အချက် တွေကို ကျနော်တို့ သဘောတူခဲ့တယ်ဆိုတာပါပဲ။ ကျနော်တို့က ဆာဘီးယားနဲ့ လိုက်လျောညီထွေဖြစ်မယ့် စာချုပ် ရဲ့ပထမပိုင်းဖြစ်တဲ့ ၃ နှစ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ လက်ခံခဲ့ကြပါတယ်” ဟု ရုရှားလိုလားသည့် လူမျိုးရေးဝါဒီဟောင်း ဗာဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

EU အနေဖြင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသို့ စီးဆင်းနေသည့် ရုရှားစွမ်းအင်များကို ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် အတွက် ဆားဘီးယားအနေဖြင့် ရုရှားဓာတ်ငွေ့ကို မည်သို့ရယူမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရုရှားသည် EU အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဖင်လန်၊ ပိုလန်နှင့် ဘူလ်ဂေးရီးယားထံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ် ပေးမှုများကို ဖြတ်တောက်ခဲ့ပြီးဖြစ်သည်။ EU အစုအဖွဲ့တစ်ခုလုံးသည် ရုရှားကျူးကျော်စစ်စပြီးကတည်းက ရုရှားစွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို အလျင်အမြန် လျှော့ချခဲ့ကြသည်။

မေလ ၃၀ ရက် (ယနေ့) စတင်မည့် ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဗိုလို ဒီမီယာဇာလန်းစကီးထံမှ ပြောကြားချက်များကို နားထောင်ကြည့်ကြပြီးနောက် နောက်ထပ်နည်းလမ်းများကို EU နိုင်ငံများ ဆက်လက်ဆွေးနွေးကြရန် စီစဉ်ထားသည်။

Source: AP