CNI International News

ဘဲလ်ဂရိတ်၊ ဇူလိုင် ၁၄

ယူကရိန်းပဋိပက္ခသည် ရုရှားနိုင်ငံကို ယူကရိန်းတပ်ဖွဲ့ဝင်များသုံး၍ အနောက်အုပ်စုနိုင်ငံများက ဝိုင်းဝန်း တိုက်ခိုက် နေသော ကမ္ဘာစစ်တစ်ခုဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ (Aleksandar Vucic) က ဇူလိုင် ၁၃ တွင် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ကမ္ဘာစစ်ကြားထဲ ရောက်နေပြီဆိုတာ ကျနော်တို့ နားလည်သင့်တယ်။ ဒေသတွင်း (သို့မဟုတ်) ပြည်တွင်းစစ် ဖြစ်စေမယ့် ဆွေးနွေးညှိနှိုင်းမှုမျိုးကို ကျနော်တို့ အားလုံး ဖျက်သိမ်းရမယ်။ အနောက်ကမ္ဘာတစ်ခုလုံးက ယူကရိန်း ကနေတစ်ဆင့် ရုရှားကို တိုက်နေတယ်။ ဒါဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပဋိပက္ခပါပဲ” ဟု Pink TV နှင့် အင်တာဗျူး တွင် ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအခြေအနေသည် ဘော်လကန်ဒေသရှိ နိုင်ငံများကို စကားပြောနေကြောင်း ဆားဘီးယားသမ္မတ၏ အဆိုအရ သိရသည်။ သို့သော်လည်း ဆားဘီယားသည် ဘော်လကန်ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ကြိုးစားအားထုတ်မှုကို တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။

ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူချိ(ဓါတ်ပုံ-TASS)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒွန်ဘတ်စ်ဒေသရှိ သမ္မတနိုင်ငံနှစ်နိုင်ငံမှ ခေါင်းဆောင်များ၏ အကူအညီ တောင်းခံမှုကို တုံ့ပြန်သောအားဖြင့် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့ကြောင်း ရုရှားအာဘော်တာ့စ်သတင်းဌာနက ဆက်လက်ရေးသားထားသည်။

မော်စကိုသည် ယူကရိန်းပိုင်နက်များကို သိမ်းပိုက်ရန် အစီအစဉ်မရှိသော်လည်း လက်နက်ဖြုတ်သိမ်းရေးနှင့် ခေတ်သစ်နာဇီကင်းစင်စေရေး အလေးပေးကြောင်း ပူတင်က ပြောကြားခဲ့ပြီးဖြစ်သည်။

ထို့နောက် အနောက်အုပ်စုနိုင်ငံများကို ရုရှားအပေါ် ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြသည်။

Source: တာ့စ်သတင်းဌာန