CNI Interntaional News

ဘူချာ ဧပြီ ၆

ယူကရိန်းတွင် ရုရှားနိုင်ငံသားများ ရက်စက်ကြမ်းကြုတ်စွာဖြင့် ကျူးလွန်ခဲ့ကြကြောင်း၊ ထိုသို့ ကျူးလွန်ခဲ့သူများကို ဒုတိယ ကမ္ဘာစစ်အပြီး နျူရင်ဘတ်မြို့တွင် ဖွင့်လှစ်ခဲ့သည့်ခုံရုံးရှေ့ စစ်ရာဇဝတ်မှု စွဲချက်များဖြင့် ချက်ချင်း အရေးယူသင့်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ဧပြီ ၅ ရက် ကုလသမဂ္ဂ(UN) လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ကိယက်ဗ်မြို့တော်၏ ဆင်ခြေဖုံး မြို့ငယ်လေးမှ ရုရှားတပ်ဖွဲ့ဝင်များ မဆုတ်ခွာမီ ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများအပေါ် ရက်ရက်စက်စက် ညှင်းပန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထွက်ပေါ်ခဲ့သည်။

ထို့နောက် ကမ္ဘာတဝန်း ရှုတ်ချအပြစ်တင်ခဲ့ကြပြီး မော်စကို၏ သံတမန်အများအပြားကို နိုင်ငံအသီးသီးမှ နှင်ထုတ်ကြရန် အနောက်အုပ်စုနိုင်ငံများက ဦးဆောင်လှုပ်ရှားခဲ့ကြသည်။ ရုရှားထံမှ ကျောက်မီးသွေးတင်သွင်းမှု တားမြစ်ရေး အပါအဝင် နောက်ထပ် ပိတ်ဆို့အရေးယူများ ချမှတ်ကြရန် အဆိုပြုလာခဲ့ကြသည်။

ယူကရိန်းနိုင်ငံမှ အွန်လိုင်း ဗွီဒီယိုခေါ်ဆိုမှုဖြင့် ကုလသမဂ္ဂ သံတမန်များထံသို့ ဇာလန်းစကီးက ပြောကြားခဲ့ရာတွင် “ရုရှားတပ် ဖွဲ့ဝင်များသည် ယူကရိန်းအရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ ဦးခေါင်းနောက်ကို ချိန်ရွယ်ပစ်သတ်ခြင်း၊ ရေတွင်းထဲသို့ ကန်ချခြင်း၊ လူနေတိုက်ခန်းများအတွင်း လက်ပစ်ဗုံးများ ဖောက်ခွဲခြင်း၊ မော်တော်ယာဉ်များပေါ် ရှိနေသူများကို တင့်ကားဖြင့် ဖြိုခွင်းသတ်ဖြတ်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း” အကျယ်တဝင့် ရှင်းပြခဲ့သည်။

ဇာလန်းစကီး(AP)

“ခြေတွေလက်တွေဖြတ်၊ လည်ချောင်းလှီး၊ အမျိုးသမီးတွေဆိုရင် သူတို့ရဲ့သားသမီးရှေ့မှာ အဓမ္မပြုကျင့်ပြီး သတ်ပစ်ကြတယ် ဗျာ” ဟု UN လုံခြုံရေးကောင်စီသို့ ပြောကြားသော မိန့်ခွန်းတွင် ဇာလန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။

“ကျနော်တို့ ယူကရိန်းပြည်သူတွေဆီက သူတို့ကြားချင်တဲ့အသံ မကြားရတဲ့အတွက် ရန်လိုတဲ့သူတို့က နှုတ်ပိတ်ပြီး သတ်ဖြတ် တာဗျ” ဟု ဇာလန်းစကီးက ဆက်လက် ပြောကြားသည်။

“ယခုကဲ့သို့ သတ်ဖြတ်မှု ကျူးလွန်သူတွေရော၊ အမိန့်ပေးတဲ့သူတွေရော စစ်ပြီးခေတ်မှာ ဂျာမနီမှာ သုံးခဲ့တဲ့ ခုံရုံးရှေ့မှာ စစ်ရာဇတ်မှုတွေအတွက် တရားမျှတမှု ရှိစေခဲ့သလို ဖြစ်စေရမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် ဘူချာမြို့ကို ရုရှားထိန်းချုပ်ထားစဉ် အဆိုပါ ဒေသခံတစ်ဦးတစ်လေမျှ အကြမ်းဖက်လုပ်ရပ်ကို မခံစားခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစလီနီဘန်ဇီးယား (Vasily Nebenzia) က ငြင်းဆိုခဲ့သည်။

ကရင်မလင် သမ္မတနန်းတော်ဘက်မှ ယခင်ရက်များအတိုင်း ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဘူချာမြို့လမ်းမများပေါ်ရှိ ရုပ်အလောင်းများကို ဗွီဒီယိုရိုက်ကူးဖြန့်ချိခြင်းမှာ ယူကရိန်းနိုင်ငံသားများ အတုအပ ဖန်တီးရိုက်ကူးခြင်းသာ ဖြစ်ကြောင်း သံအမတ်ကြီးက တုံ့ပြန်ခဲ့သည်။

UN က ရုရှားကိုယ်စားလှယ်(GETTY IMAGES)

“သူတို့ပြတာပဲ ခင်ဗျားတို့ မြင်တာလေ။ ဒီအတွက် သေဆုံးခဲ့သူတွေက အနောက်နိုင်ငံတွေကနေ စေတနာ့ဝန်ထမ်းအဖြစ် လာ တိုက်ခိုက် ပေးတဲ့သူတွေပါ” ဟု ၎င်းက ချေပခဲ့သည်။

လနှင့်ချီ၍ ရုရှားထိန်းချုပ်ခဲ့သော မြို့အတွင်း ရုရှားစစ်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများရှိခဲ့ရာ အသက် ရှင် ကျန်ရစ်၍ လွတ်မြောက်လာသူများသည် အဆိုပါ ရုပ်အလောင်းများကို စုံစမ်းစစ်ရေးမှူးများထံသို့ သယ်ဆောင် သွား ခဲ့ကြောင်း၊ ယင်းသေဆုံးသူ အရေအတွက်ကို ရိုးရှင်းစွာဖြင့် စစ်တမ်းကောက်ယူ၍ စာရင်းသွင်းခဲ့ကြောင်း ဇာလန်းစကီးက UN သံတမန်များကို ပြောကြားခဲ့သည်။

ဘူချာမြို့သို့ ရောက်ရှိခဲ့သည့် အေပီသတင်းထောက်များသည် အရပ်ဝတ်ဖြင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများ ဆယ်ဂဏန်းမျှ ကို ရေတွက်ပြီး ရက်စက်စွာ သတ်ဖြတ်မှုများ မျက်မြင်တွေ့ရှိခဲ့သူများအား တွေ့ဆုံမေးမြန်း၍ သတင်းယူခဲ့သည်။

Source: AP