CNI International News

ဝါရှင်တန်၊ ဧပြီ ၆

အသံထက်မြန်သော ဒုံးကျည်များ တီထွင်ထုတ်လုပ်နိုင်ရန် ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့သည် မကြာသေးမီက ဖွဲ့လိုက်သည့် လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် ကြေညာ ခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေး အခိုင်အမာ ကြီးထွားလာမှုနှင့်ပတ်သက်၍ အမေရိကန်နှင့်မဟာမိတ်များ စိုးရိမ်နေကြ ချိန် ယခုကဲ့သို့ အသံထက်မြန်သော ဒုံးကျည် တီထွင်ထုတ်လုပ်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်တို့သည် ယမန်နှစ်၊ စက်တင်ဘာလတွင် ၎င်းတို့ သုံးနိုင်ငံ စတင်ဖွဲ့စည်းခဲ့သည့် အင်ဒို-မဟာမိတ်အဖွဲ့ (AUKUS)၏ တိုးတက်မှု အခြေ အနေကို သုံးသပ်စစ်ဆေးခဲ့ကြပြီး ယခုဒုံးကျည် အစီအစဉ်ကို ကြေညာခဲ့ကြသည်။

သုံးနိုင်ငံခေါင်းဆောင်များ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် “အသံထက်မြန်သော ဒုံးကျည်နှင့် အသံထက်မြန်သော ဒုံးကျည်ကို တန်ပြန်ဖျက်ချနိုင်ရေးဆိုင်ရာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အသစ်ကို စတင်ရန်၊ အီလက်ထရောနစ် စစ်ဆင် ရေး စွမ်းရည်များအပြင် သတင်းအချက်အလက် မျှဝေခြင်းတို့ကိုပါ ချဲ့ထွင်လုပ်ဆောင်သွားရန်နှင့် ကာကွယ်ရေး ဆန်းသစ် တီထွင်မှု ထဲထဲဝင်ဝင် လုပ်ဆောင်ကြရန် ယနေ့ ကတိပြုကြကြောင်း” ဟူ၍ ဖော်ပြထားသည်။

တရုတ်စစ်အင်အား(GETTY IMAGES)

အမေရိကန်၊ ရုရှားနှင့် တရုတ်တို့သည် လက်ရှိ ဒုံးကျည် ကာကွယ်ရေးနစ်ဖြင့် ကြားဖြတ်ဟန့်တား ပစ်ချခြင်း မပြုနိုင်လောက် အောင် အလျင်နှုန်း မြင့်လွန်းသည့် အသံထက်မြန်သော ဒုံးကျည်စနစ်သစ်ကို ထပ်မံတီထွင် ထုတ်လုပ်နိုင်ရန် ပြိုင်ဆိုင်နေကြ သည်။

ယမန်နှစ်‌၊ အောက်တိုဘာလတွင် ပူးတွဲစစ်ဦးစီးချုပ်များ၏ဥက္ကဋ္ဌ တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီ (Mark Milley) က “တရုတ်သည် အာကာသနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ တိုးတက်စေရန်အတွက် အပြင်းအထန် ကြိုးပမ်းနေမှု တစိတ်တပိုင်းအဖြစ် အသံထက်မြန်သော လက်နက်စနစ်သစ်ကို စမ်းသပ်နေကြောင်း” အတည်ပြုခဲ့သည်။

“တရုတ်စမ်းသပ်မှုဟာ အသံထက်မြန်တဲ့ လက်နက်စနစ်သစ် ဖြစ်လာဖို့ အင်မတန် အရေးပါတဲ့အတွက် သိပ်ကို စိုးရိမ်စရာ ကောင်းပါတယ်” ဟု မိုင်လီက ဘလွန်းဘက် (Bloomberg) ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လက်ရှိကာလ ယူကရိန်းသို့ ကျူးကျော်စစ်တွင်လည်း ရုရှားသည် အသံထက်မြန်သော ဒုံးကျည်များကို အကြိမ်ကြိမ် သုံးစွဲခဲ့ ကြောင်း ဥရောပသို့ ရောက်ရှိနေသည့် အမေရိကန် ထိပ်တန်းတပ်မှူးများ၏ ပြောကြားချက်များကို ကိုးကားလျက် အေပီ သတင်းတွင် ဖော်ပြထားသည်။

Source: AP