CNI International Article
၂၀၂၄ ခုနှစ်၊ မေလ ၂၆
လာမည့်နှစ်ပေါင်း ၂၀ ကျော်အတွင်း အရှေ့တောင်အာရှ၏ အခြေအနေမှာ မည်သို့ဖြစ်လာမည်နည်း။
မခန့်မှန်းနိုင်လောက်သည့် ပထဝီနိုင်ငံရေး အခြေအနေအရ ထိုဒေသသည် ပေါ်ထွက်လာသည့် နိုင်ငံတကာ အခင်းအကျင်းအသစ်၏ ရိုက်ခတ်မှုများကို လျော့ပါးသက်သာစေမည့် နည်းလမ်းများတွင် မဟာဗျူဟာမြောက် အနေအထားကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။
ဝင်ရိုးစုံကမ္ဘာသည် အရှေ့တောင်အာရှဒေသအတွက် ရုန်းကန်ရမည့် ကစားပွဲအသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်နှင့် တရုတ်အကြား အပြန်အလှန် ထိုးနှက်မှုများဖြင့် အားပြိုင်မှုသည် လျော့ကျသွားဖွယ် မရှိသည့် အချက်ကို အရှေ့တောင်အာရှနိုင်ငံများက သိရှိနားလည်ထားကြသည်။
ထိုအခြေအနေများအရ အာဆီယံ၏ အရိပ်အောက်တွင် အရှေ့တောင်အာရှ၏ အခန်းကဏ္ဍသည် ဒေသတွင်း အသုံးချခံ မဖြစ်စေရန် စိတ်ချသေချာမှုရှိအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
တိတိကျကျ ပြောရမည်ဆိုပါက အမေရိကန်-တရုတ် အားပြိုင်မှုတွင် အာဆီယံသည် နယ်ရုပ်တစ်ခု ဖြစ်လာမည့် အရေးမှ မည်ကဲ့သို့ ရှောင်လွှဲနိုင်မည် ဟုတ်၊မဟုတ် မေးခွန်းထုတ်ရမည်ဖြစ်သည်။
လက်ရှိအနေအထားအရ အမေရိကန်-တရုတ် အပြန်အလှန် ထိုးနှက်မှုများ၏ အကျိုးသက်ရောက်မှုများကို တုန့်ပြန်ရန် အာဆီယံတွင် ဘုံမဟာဗျူဟာ အစီအစဉ်တစ်ခုမရှိခဲ့ပေ။
အာဆီယံဖွဲ့စည်းခဲ့သည့် ၁၉၆၇ ခုနှစ်ကတည်းက အာဆီယံသည် ပထဝီနိုင်ငံရေး ဖိအားများကို ကျော်လွှားနိုင်ခဲ့သည်။
စစ်အေးကာလက အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းမရှိဘဲ ပထဝီနိုင်ငံရေး ကသောင်းကနင်း အခြေအနေကြားတွင် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ မကြာသေးမီ နှစ်များအတွင်း အမေရိကန်နှင့် တရုတ်၏ အားပြိုင်မှုများ ပိုမိုပြင်းထန်လာသည် နှင့်အမျှ ပထဝီနိုင်ငံရေး အခင်းအကျင်းသည် အလုံးစုံ ပြောင်းလဲသွားခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် တရုတ်သည် ၎င်းတို့၏ သက်ဆိုင်ရာ မဟာဗျူဟာများကို ပိုမိုခိုင်မာမှုရှိစေရန် ကမ္ဘာတစ်ဝန်းတွင် မဟာမိတ်များကို အပြိုင်အဆိုင် စည်ရုံးနေကြသည်။
ထိုအားပြိုင်မှုနှင့်ပတ်သက်ပြီး အာဆီယံ၏ တုန့်ပြန်ဆောင်ရွက်မှုကို နားလည်သိရှိစေရန် မကြာမီ ကြေညာ တော့မည့် ASEAN Vision 2045 အမည်ရှိ မူကြမ်းကို လေ့လာရန် အရေးကြီးသည်။
ထိုမူကြမ်းကို လာမည့်နှစ်တွင် မလေးရှားနိုင်ငံ၏ ဥက္ကဋ္ဌရာထူး လက်ထက်၌ အာဆီယံခေါင်းဆောင်များက အပြီးသတ် စိစစ်ရေးဆွဲသွားမည်ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသည့် အာဆီယံ၏ အတွေးအမြင်ဖြစ်သည့် Asian Vision (၂၀၁၅-၂၀၂၅) တွင် အာဆီယံ အသိုင်းအဝိုင်းအကြား နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဒေါက်တိုင်များနှင့် ချမ်းသာကြွယ်ဝ ရေးဆိုသည့် ခေါင်းစဉ်များအောက်တွင် ပေါင်းစည်းညီညွတ်ရေးကို အလေးထားဖော်ပြထားသည်။
လာမည့်နှစ်ပေါင်း ၂၀ အတွက် အာဆီယံသည် အလယ်အလတ်လမ်းစဉ်ကို ပိုမိုခိုင်မာစေရန် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် သေချာသည့် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်က အာဆီယံ၏ အင်ဒို-ပစိဖိတ်သဘောထား ထုတ်ပြန်ချက်တွင် အာဆီယံသည် ဒေသတွင်း ဖွဲ့စည်း တည်ဆောက်မှုကို ပုံဖော်ရာ၌ အလယ်ဗဟိုကျသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ကြိုးပမ်းလိုကြောင်း ဖော်ပြခဲ့ပြီး ကြားဝင်မစွက်ဖက်ရေး၊ အများသဘောဆန္ဒကို အခြေခံသည့် ဆုံးဖြတ်ချက် ချမှတ်မှုနှင့် ကြားနေဝါဒကို ဆက်လက် ကျင်းသုံးလျက်ရှိသည်။
လက်ရှိ အာဆီယံ၏ ကျင့်ဝတ်စည်းကမ်းဖြစ်သည့် အာဆီယံ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) သည် အာဆီယံ၏ ဩဇာအာဏကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလုပ်ဆောင်ချက်မျိုး မပါဝင်ဘဲ အသုံးဝင်နေဆဲဖြစ်သည့် မူဘောင်တစ်ခုဖြစ်သည်။
TAC သည် အာဆီယံအတွင်း အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ပြည့်လာခဲ့သည့် ၁၉၇၀ ပြည့်နှစ် ကာလများတွင် အရှေ့တောင်အာရှနိုင်ငံများအကြား ငြိမ်းချမ်းရေးစာချုပ်တစ်ခု ဖြစ်ခဲ့သည်။
နှစ်အလိုက် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံများ ပိုမိုများပြားလာသည်နှင့်အမျှ လက်ရှိတွင် TAC ၌ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံပေါင်း ၅၁ နိုင်ငံအထိရှိလာခဲ့ကာ ထိုနိုင်ငံ အရေအတွက်သည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ စုစုပေါင်း၏ ၄ ပုံ ၁ ပုံခန့်ဖြစ်သည်။
TAC ၏ အဓိက ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးသည့် နိုင်ငံများအတွက် ငြိမ်းချမ်းရေးနှင့် ချမ်းသာ ကြွယ်ဝရေးတို့ကို မြှင့်တင်ရန် ဖြစ်သည်။
နောက်ထပ် အသုံးဝင်သည့် အာဆီယံ၏ စာချုပ်များထဲတွင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်များ ကင်းစင်ရေးဇုန် စာချုပ်၊ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ကြားနေဇုန် ကြေညာချက်တို့ ပါဝင်သည်။
မည်သို့ပင်ဆိုစေ လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးများ တင်းမာမှု မြင့်တက်လာချိန်တွင် အာဆီယံအနေ ဖြင့် လက်ပိုက်ကြည့်နေရမည် မဟုတ်ဘဲ စူပါပါဝါ နှစ်နှိင်ငံအတွက် ပြန်လည်ချိတ်ဆက်ရန်နှင့် ရင်ကြားစေ့ရန် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။
လောလောဆယ်တွင် အာဆီယံသည် ၎င်း၏ မူဘောင်များနှင့် လမ်းစဉ်များကို ဖော်ပြရန် အာဆီယံ ဒေသတွင်း ဖိုရမ်၊ အရှေ့အာရှ ညီလာခံနှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများနှင့် အပေါင်းပါနိုင်ငံများ အစည်းအဝေးတို့ကဲ့သို့ အာဆီယံက ဦးဆောင်သည့် လုပ်ထုံးလုပ်နည်းများကို အသုံးပြုနေသည်။
သို့သော် ထိုအားထုတ် ကြိုးပမ်းမှုများသည် အမေရိကန်နှင့် တရုတ်အကြား ပြေလည်မှုရရှိစေရန် လုံလောက်မှု မရှိခဲ့ပေ။ ထို့ပြင် အမေရိကန်နှင့်တရုတ်သည် အရှေ့တောင်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင် အားနည်းခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် အာဆီယံအနေဖြင့် အမေရိကန်-တရုတ် ဆွေးနွေးမှုကို အစပျိုးရန် အထောက်အပံ့ ဖြစ်စေသည့် အခန်းကဏ္ဍ၌ ရှိနေသင့်သည်။
အာဆီယံ၏ နောက်ထပ် လုပ်ဆောင်မှုများသည်လည်း အထောက်အကူ ဖြစ်စေနိုင်သည်။ ဥပမာပြရမည်ဆိုပါက ၂၀၂၁ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံတွင် အာဆီယံ-တရုတ် ဆွေးနွေးပွဲ၌ စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံ အပေါင်း ၂ ဖိုရမ် (Asean Plus Two Forum) ဖြစ်သည်။
အာဆီယံနှင့် အခြားနိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုများ မြင့်တက်လာမည်နှင့်အမျှ သက်ဆိုင်ရာ အရေး ကိစ္စများတွင် အာဆီယံကို ကြားနေလေ့လာသူ တစ်ဦးအဖြစ် ထိတွေ့ဆက်နွှယ်သည့် ထိပ်သီးအဆင့် ပူးပေါင်း ပါဝင်သည့်နိုင်ငံများ ပိုမိုများပြားလာမည်ဖြစ်သည်။
ဇန်နဝါရီလကုန်ပိုင်းက အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန် (Jake Sullivan) သည် ဘန်ကောက်သို့ အံ့အားသင့်ဖွယ် ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ် တရုတ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိ (Wang Yi) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား အရေးကိစ္စများနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် အာဆီယံအနေဖြင့် စူပါပါဝါ နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ငြိမ်းချမ်းမှုရှိသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည့် နေရာတစ်ခုအဖြစ် မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။
သင့်တင့်မျှတမှုရှိသည့် ပထဝီဝင် တည်နေရာနှင့် သံတမန်ဆက်ဆံရေး ကောင်းမွန်သည့် ထိုင်းသည် အိမ်ရှင် ကောင်း ပီသစွာ ဆွေးနွေးပွဲကို လက်ခံကျင်းပပေးခဲ့သည်။
ပိုမိုကြီးမားကျယ်ပြန့်သည့် အရေးကိစ္စများတွင် အာဆီယံဒေသသည် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု များ လျော့ကျစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နောက်ထပ် ဆွေးနွေးပွဲများ ပြုလုပ်ရေးအတွက် အချက်အခြာကျသည့် ရပ်ဝန်းတစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
နှစ်ကုန်ပိုင်းတွင် ပြုလုပ်လေ့ရှိသည့် အာဆီယံညီလာခံများတွင်လည်း အမေရိကန်နှင့် တရုတ်အား ထိုသို့ပြုလုပ်ရန် ကောင်းမွန်သည့် အခွင့်အလမ်းများကို ကမ်းလှမ်းခဲ့သည်။
လာမည့်နှစ်ပေါင်း ၂၀ တွင် အာဆီယံ၏ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးပေါ် မူတည်နေမည်ဖြစ်သည်။
အာဆီယံအဖွဲ့အနေဖြင့်လည်း အမေရိကန်နှင့် တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုကို မြှင့်တင်ရန် တတ်အားသရွေ့ လုပ်ဆောင်ရမည်ဖြစ်သည်။ အာဆီယံကို အမေရိကန်နှင့် တရုတ်တို့က ယုံကြည်မှုနှင့်အတူ အာဆီယံအနေဖြင့် ၎င်း၏ နိုင်ငံရေးကစားပွဲကို ဆက်ကစားရမည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်