CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီတို့ အွန်လိုင်းမှ ဆွေးနွေးကြပြီးနောက် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ဝန်ကြီးတို့သည် ဧပြီ ၁၁ ရက်၌ ဝါရှင်တန်မြို့၌ အမေရိကန်ဘက်မှ ၎င်းတို့နှင့်အဆင့်တူ ဝန်ကြီးများကို တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
ထိုသို့ အစိုးရနှစ်ရပ်ချင်း အဆင့်မြင့် အုပ်ချုပ်ရေး ထိတွေ့ဆက်ဆံမှုများသည် ယူကရိန်းပဋိပက္ခကြောင့် အေးစက်သွားခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေခဲ့သည်။
မော်စကိုနှင့် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ရုရှားလက်နက်များကို အားကိုးမှီခိုရခြင်း အနေအထားတို့ ကြောင့် နယူးဒေလီသည် ရုရှားကျူးကျော်မှုကို ရှုတ်ချခဲ့ခြင်းမရှိပေ။ ဤအချက်သည် အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေး အတွက် စိန်ခေါ်မှုတစ်ခုအဖြစ် လိပ်ခဲတည်းလည်း ရှိနေဆဲဖြစ်သည်။
ဝါရှင်တန်၏ နောက်ဆုံး နည်းဗျူဟာသည် မော်စကိုအပေါ် ယုံကြည်စိတ်ချရသော လုံခြုံရေး မိတ်ဖက် မဟုတ်တော့မှန်း နယူးဒေလီကို ဆွဲဆောင်စည်းရုံးရန် လိုလားနေပုံရသည်။
ဧပြီ ၁၁ ရက် ဆွေးနွေးမှု အခင်းအကျင်း၌ အမေရိကန်-အိန္ဒိယ ဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဦးတည်ထားပြီး ဘိုင်ဒန်-မိုဒီ ဗွီဒီယိုခေါ်ဆို ဆွေးနွေးရာ၌ စွမ်းအင်သန့်စင်ရေး၊ နည်းပညာ၊ ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတို့အပြင် ယူကရိန်းအရေးနှင့်အတူ အင်ဒို-ပစိဖိတ်ဒေသ စိန်ခေါ်မှုများကို အထူးအလေးပေး၍ အမြင်ချင်း ဖလှယ် ခဲ့ကြသည်။
အမေရိကန်နဲ့ အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ်များ
2+2 အစီအစဉ်ဖြင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအချို့ အပြီးသတ်ဖို့ ရည်ညွှန်းခြင်းတို့အပြင် အစဉ်အလာနှင့် သမရိုးကျ မဟုတ်သော လုံခြုံရေးပြဿနာများလည်း အကျုံးဝင်ကြောင်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးမှုအပြီး အမေရိကန်ဘက်မှ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်နှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု ချောမွေ့အဆင်ပြေစေရန် အိန္ဒိယက မကြာသေးမီကပင် ကာကွယ်ရေး သဘောတူညီချက်များကို အကောင်အထည် ဖော်သွားဖို့ ရည်ရွယ်ထားပြီး ဖြစ်သည်။
2+2 ဆွေးနွေးပွဲတွင် ပါဝင် ပတ်သက်သူများအနေဖြင့် ယူကရိန်းပဋိပက္ခကို ထင်ထင်ရှားရှား ပုံဖော်သွားကြရန် ယခင် ကတည်းက သဘောတူထားကြသည်။ 2+2 ဆိုသည်မှာ တစ်နိုင်ငံချင်းစီမှ ဝန်ကြီးနှစ်ယောက်စီ ဆွေးနွေးကြခြင်းကို ဖော်ညွှန်းခြင်း ဖြစ်သည်။
သို့သော် အဆိုပါ ဝန်ကြီးများ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော တရားဝင် စာရွက်စာတမ်းများ၌ လူသားချင်း စာနာမှုအကူ အညီ၊ ရန်လိုမှုများ ရပ်တန့်ရန် တောင်းဆိုခြင်းနှင့် စစ်ရေးပဋိပက္ခတို့ကို အနည်းငယ်သာ ဖော်ပြထားသည်။
ရုရှားပြဿနာ၏ ရှုထောင့်ကိုယ်စီဖြင့် ရပ်တည်ချက် မတူညီကြခြင်းကို နှစ်ဘက်စလုံးက လက်ခံနိုင်ဖွယ်ရှိနေပြီး အစည်း အဝေး အပြီး ထုတ်ပြန်ချက်၌ ပေါင်းစည်မှု နယ်ပယ် အနည်းအကျဉ်းကိုသာ မီးမောင်းထိုးပြခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် အိန္ဒိယ၏ ရပ်တည်ချက်ကို အမေရိကန်က မချင့်မရဲဖြစ်မိပြီး မကြာသေးမီ ရက်သတ္တပတ်များ အတွင်း တင်းမာလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ထက်တိုး၍ မော်စကိုနှင့် နယူးဒေလီတို့ ကုန်သွယ်မှု ဆက်လုပ်နေပါက ဖြစ်လာနိုင်ခြေရှိသော အကျိုးဆက်များအပေါ် ဝါရှင်တန်က သတိပေးလာနိုင်သည်။
ရုရှား-အိန္ဒိယ-တရုတ် ခေါင်းဆောင်များ
သို့သော် ယခု နောက်ဆုံးရ သတင်းများတွင် အိန္ဒိယသည် မော်စကိုနှင့် ၎င်း၏ ရေရှည်လုံခြုံရေးအရ ဆက်ဆံမှုကို ပြန်လည် စဉ်းစားသင့်ကြောင်း ဝါရှင်တန်ဘက်က အဆိုပြုလာခဲ့သည်။ ထို့ပြင် အိန္ဒိယနယ်စပ်၌ တရုတ်က နောက်တစ်ကြိမ် ရန်စလာ မည်ဆိုပါက ရုရှား၏ အထောက်အပံ့ကို နယူးဒေလီအစိုးရ အားကိုး၍ မရနိုင်ကြောင်း ယခုလအတွင်း၌ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ထိပ်တန်းအရာရှိ ဒီလက်ဆင်းက ပြောကြားခဲ့သည်။
ထိုအကြောင်းပြချက်သည် လိုက်နာရန် လွန်စွာလွယ်ကူလွန်းလှသည်။ အထူးသဖြင့် ယူကရိန်းပဋိပက္ခကြောင့် စီးပွားရေးအရ ဘေဂျင်းကို မှီခိုနေပြီဖြစ်သော မော်စကိုသည် နယူးဒေလီကို တစ်ချိန်တည်း၊ တပြိုင်တည်းတွင် အထောက်အပံ့ပေးရန် မဖြစ် နိုင်ချေ။
တဖန် နယူးဒေလီထံသို့ စစ်လက်နက်များ ဆက်လက် တင်ပို့နေသည့် ရုရှားအပေါ် အနောက်အုပ်စု ဒဏ်ခတ် ပိတ်ဆို့မှုများ ရှိနေ၍ အိန္ဒိယက လတ်တလော ဘဏ်အတိုး ပေးချေရန် နှောင့်နှေးနေဦးမည်ဖြစ်သည်။
ရုရှားတွင် ကာကွယ်ရေး ထုတ်ကုန်ကဏ္ဍသည် ၂၀၁၄ ခုနှစ် ခရိုင်းမီးယား ကျွန်းဆွယ်ကို ကျူးကျော် သိမ်းပိုက်ပြီး ကတည်းက ဘဏ္ဍာရေး ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံနေခဲ့ရကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်ကြသည့် ဗာဆက်ဂျစ် ဘနာဂျီနှင့် ဘဂျမင်တကက်တို့က ယခုသီတင်းပတ်တွင် မှတ်ချက်ချခဲ့ကြသည်။
သို့သော် ရုရှားကို ကျောခိုင်းဖို့ အမေရိကန်၏ တိုက်တွန်းချက်သည် အိန္ဒိယအတွက် လက်တွေ့အားဖြင့် ခေါင်းညိတ်ဖို့ အခက် အခဲများ ရှိနေသည်။ အိန္ဒိယသည် နယ်စပ်တွင် တရုတ်ရန်စမှုများကို ရှုတ်ချရန် ရုရှားထံမှ ထောက်ခံချက်ကို မည်သည့်အခါမှ မျှော်လင့်သည်တော့ မဟုတ်။ ၎င်း၏ ကိုယ်ပိုင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကဏ္ဍအတွက် အကန့်အသတ်များစွာဖြင့် ကြုံနေဆဲဖြစ်သည်မို့ အိန္ဒိယသည် ရုရှားထုတ် စစ်လက်နက်များကိုသာ အလွန်အမင်း အားကိုးရဦးမည့် အနေအထား ရှိနေ သည်။