CNI Article News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃
ဗလာဒီမာပူတင်သည် ယနေ့ခေတ် အဒေါ့ဖ်ဟစ်တလာဟူသော အယူအဆသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အထိ သာမန် ဝေဖန် ပုတ်ခတ်မှုအဆင့်သာ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပူတင်သည် ယူကရိန်းသို့ ပထမဆုံး ထိပါးကျူးကျော်ခဲ့ပြီးနောက် ဟီလာရီကလင်တန်က ရုရှားသမ္မတကို ဂျာမန် စိတ်ကျန်းမာရေးချို့တဲ့သူ (ဟစ်တလာ)နှင့်တူကြောင်း လူသိရှင်ကြား ခိုင်းနှိုင်း ပြောဆိုခဲ့ဖူးသည်။
ထိုစဉ်က ဟီလာရီ ဘာပဲပြောခဲ့၊ ပြောခဲ့ ပူတင်နှင့်ပတ်သက်၍ ထိုသို့ခိုင်းနှိုင်းမှုမှာ သိပ်တော့ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပေ။
သို့သော် မျက်မှောက်ကာလ၌ ပူတင်သည် ယူကရိန်းနိုင်ငံထဲသို့ တရားမဝင် ရက်စက်ကြမ်းကြုတ်စွာဖြင့် ကျူးကျော် တိုက် ခိုက် လာချိန်မှစပြီး ရက်သတ္တ ၅ ပတ်အတွင်းတွင် ရုရှားခေါင်းဆောင်တစ်ဦးကို ဟစ်တလာနှင့် နှိုင်းယှဉ်ရန် အဆီအငေါ် မတည့်လှသော ရှုထောင့်များ၊ အတွေးအခေါ်များ ပေါ်ထွက်လို့ လာခဲ့သည်။
နာဇီခေါင်းဆောင် ဟစ်တလာ
ထို ဥပမာ ခိုင်းနှိုင်းမှုများကို စေ့ငုကြည့်လျှင် ရုရှားအကြောင်း အသိဆုံးဟု ပြောကြသူများသည် ပူတင်ဆိုသည်မှာ မည်သည့် လူစား ဖြစ်သနည်းဆိုသည့် အခြေခံအချက်အပေါ် နားလည်မှု လွဲချော်နေခြင်းကို ပြသနေသည်။
ပူတင်သည် ဆိုဗီယက်ခေတ်က အမှားအယွင်း အားလုံးကို ဆိုးမွေအဖြစ် သူ့ခေါင်းပေါ်တင်လျက် လူမျိုးပေါင်းစုံ၊ ဝါဒပေါင်းစုံ တို့ဖြင့် ထွေးရောယှက်တင် ဖြစ်နေသည့် နိုင်ငံကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကသောင်းကနင်း မဖြစ်ရလေအောင် ထိန်းမတ် ပေးခဲ့သည်။
ပူတင်၏ လုပ်ရပ်များတွင် စက်ဆုတ်ရွံ့ရှာစရာ အကျင့်ပျက်ခြစားမှုများ၊ ဒီမိုကရေစီ တာဝန်ခံမှု ကင်းမဲ့ခြင်းများနှင့် မီဒီယာ လွတ်လပ်ခွင့် ဟန့်တားခြင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းတို့ဖြင့် အနောက်အုပ်စု နိုင်ငံများတွင် ၎င်းကို ကန့်ကွက်စရာ အမြောက်အမြား ရှိနေသော်လည်း အမျိုးသားရေးအမြင်အရ ရုရှားနိုင်ငံသားများကတော့ ထိုသို့ ကန့်ကွက်စရာ မရှိကြပေ။
ပူတင်နှင့် နောက်ထပ် ခိုင်းနှိုင်းစရာ ခေါင်းဆောင်တစ်ဦးမှာ ဂျိုးဇက်စတာလင်ဖြစ်သည်။ စတာလင်နှင့် ခိုင်းနှိုင်းလျှင်တော့ မှတ်မှတ်သားသား ပုံရိပ်များကတော့ ကျယ်ပြန့်စွာ ရှိနေသည်။ လက်ဝဲယိမ်းသည့် ဗြိတိန်နိုင်ငံထုတ် မဂ္ဂဇင်းတစ်စောင် ဖြစ် သည့် New Stateman ကနေ လက်ရှိ ရုရှားသမ္မတသည် စတာလင်၏ အမွေကို ဆက်ဆံသည်ဟု ရေးသားခဲ့သလို Yahoo ကဲ့သို့ ထင်ရှားသည့် အမေရိကန်မီဒီယာများတွင်လည်း အလားတူ ခိုင်းနှိုင်းရေးသားခဲ့ကြသည်။
“ပူတင်သည် စတာလင်ကို ကြည်ညိုလေးစားသူဖြစ်ပြီး ရုရှားကို အောင်မြင်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း” အဆိုပါ သတင်းများတွင် တွေ့ရသည်။
သို့စင်လျက် ကွန်မြူနစ်ဝါဒအပေါ် ပူတင်၏အမြင်များမှာ လူသိများထင်ရှားပြီး ဘော်ရှီဗစ် အသက်ဆက်လိုသူ မျိုးဆက်များ အတွက်လည်း ပူတင်ကတော့ လွမ်းဆွတ်နေပုံ မရပေ။
ဆိုဗီယက်ခေါင်းဆောင် စတာလင်
ဒုတိယကမ္ဘာစစ်အတွင်း နာဇီများကို အနိုင်တိုက်ခဲ့သည့် အခန်းကဏ္ဍအတွက် စတာလင်ကို ချီးကျူးနေကြဆဲ ဖြစ်သော်လည်း ခန့်မှန်းခြေ လူ ၁ ဒသမ ၅ သန်း သေကြေခဲ့ရသည့် စတာလင်၏ သုတ်သင်ရှင်းလင်းမှု ဖြစ်စဉ်များနှင့် ဂူလက် အကျဉ်းထောင် စနစ်ကို ပူတင်က ရှုတ်ချခဲ့သည်။
အမှန်စင်စစ် ချဉ်းကပ်မှုများစွာတို့ဖြင့် ပူတင်၏ အမြင်များကို နီးကပ်စွာ လေ့လာကြည့်လျှင် ဆိုဗီယက်ခေတ်က အတိုက်အခံ ခေါင်းဆောင်၊ စာရေးဆရာ အလက်ဇန္ဒားဆိုရှဲနစ်ဇင် (Aleksandr Solzhenitsyn) နှင့် ဂူလက်အကျဉ်းထောင်မှ မသေဘဲ ကျန်ခဲ့သူများ၏ အယူအဆများအား ခြေရာခံ တွေ့ရမည်ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်၏ စာပေနိုဗယ်ဆုရှင် အလက်ဇန္ဒား ဆိုရှဲနစ်ဇင်ကို ပူတင် ကောင်းကောင်း ချီးကျူးခဲ့ခြင်းအတွက် ခိုင်လုံသည့် မှတ်တမ်းမှတ်ရာ များစွာရှိသည်။ ၂၀၀၇ ခုနှစ်က ပူတင်သည် ဆိုရှဲနစ်ဇင်၏ ၈၉ နှစ်မြောက် မွေးနေ့အခါသမယ၌ လူကိုယ်တိုင် သွားရောက်၍ ဂုဏ်ပြုခဲ့သည်။
“လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် စံနမူနာပြ အောင်မြင်ခဲ့ကြောင်း” ဆိုရှဲနစ်ဇင်ကို ပူတင်က ချီးကျူး ထောပနာပြုခဲ့သည်။
ဆိုဗီယက်ခေတ် စံနမူနာအပေါ် ပူတင်၏ ဝေဖန်မှုသည် ဆိုရှဲနစ်ဇင်၏ လေသံ ပဲ့တင်ထပ်ခြင်းဖြစ်ကြောင်း ဗြိတိန်ပညာရှင် တစ်ဦးဖြစ်သူ ရစ်ချက်ဆာကဝါ (Richard Sakwa)က သတိပြုမိခဲ့သည်။
ဆိုဗီယက် စီမံကိန်းများကြောင့် ရုရှားတို့၏ ရှေးရိုးရာဓလေ့ ထုံးတမ်းများမှာ အခြေအမြစ် မရှိသည့်ဘဝ ဆိုက်ရောက် သွားရ ခြင်းအတွက် ဆိုရှဲနစ်ဇင်နှင့် ပူတင်တို့ ထိရှကြေကွဲခဲ့ကြကြောင်း ရစ်ချက်ဆာကဝါက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများကို ပူတင်မိန့်ခွန်းပြောစဉ်
ထို့ထက်ပို၍ပြောရလျှင် ယူကရိန်းနိုင်ငံတော်၏ တရားဝင်မှု (legitimacy) နှင့်ပတ်သက်၍ ပူတင်၏ မကြာခဏ မေးခွန်းထုတ် မှုသည် လီနင်အပေါ် ဆိုရှဲနစ်ဇင်၏ ဝေဖန်မှုနှင့် ဆင်တူနေသည်။ ဆိုဗီယက်ပြည်ထောင်စု (USSR)၏ ဖွဲ့စည်းပုံ သမ္မတနိုင်ငံ ၁၅ နိုင်ငံ၏ နယ်နိမိတ်မျဉ်းများ ရေးဆွဲရန်အတွက် ဆိုဗီယက်ခေါင်းဆောင်များ အသုံးပြုခဲ့သော စံနှုန်းများတွင် လီနင်အပေါ် ဆိုရှဲနစ်ဇင်၏ ဝေဖန်မှုများ ထင်ဟပ်ခဲ့သည်ကား ငြင်းမရပေ။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး နှစ်နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ဆိုရှဲနစ်ဇင်က ၎င်း၏ ရေးသားချက်များထဲတွင် “ယခင် ကွန်မြူနစ်ဝါဒကို အပြင်းအထန် ငြင်းဆန်၍ ဆန့်ကျင်သမှု ပြုခဲ့ကြသည့် ယူကရိန်းနိုင်ငံသစ်မှ ခေါင်းဆောင်များကို ရှုတ်ချခဲ့ပြီး ထိုခေါင်းဆောင်များသည် လီနင်ကို ကျိန်ဆဲလိုက်ပုံရသည်” ဟု ထည့်သွင်းရေးသားခဲ့သည်။
သို့သော် ယနေ့ ယူကရိန်းနှင့်ရုရှား မျက်နှာစာတွင် ထိုခေါင်းဆောင်များကပင် “ယူကရိန်း၏ လွဲချော်နေသော လီနင်ဝါဒီ နယ်နိမိတ်များ (အသေးစားအာဏာရှင် ခရူးရှက်ဗ် (Krushchev) ၏ ခရိုင်းမီးယား ဇာတ်ဝင်ခန်း အပါအဝင်)ကို တစ်ချိန်က မြိန်မြိန်ယှက်ယှက် လက်ခံခဲ့ကြသည် မဟုတ်ပါလား။
ဆိုဗီယက်မှ ပဲ့ထွက်ပြီး ယူကရိန်းနိုင်ငံသစ် ပေါ်ပေါက်လာခါစ ထိုအချိန်က အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ကို ဗလာဒီ မာပူတင်က “ ဂျော့ … (တစ်နေ့ကျ) မင်း နားလည်လာရစေ့မယ်” ဟု ပြောခဲ့ဖူးသည်။
ရုရှားကျူးကျော်စစ်အတွင်းက ယူကရိန်း
ယူကရိန်းသည် နိုင်ငံတစ်ခုအဖြစ် ကြာကြာ မနေလိုက်ရ။ ယခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရန်လိုတိုက်ခိုက်မှုများ စတင်ပြီဖြစ်ကြောင်း” ပူတင်က စစ်ကြေညာခဲ့သည်။
“ခေတ်သစ် ယူကရိန်းဆိုတာကို ရုရှားကပဲ အလုံးစုံ ဖန်တီးခဲ့တာပါ (ဒါမှမဟုတ်) ပိုပြီး တိကျအောင် ပြောရရင်တော့ ကွန်မြူနစ်ရုရှားဟာ ဘော်ရှီဗစ်ဆိုတာ မမေ့ကြနဲ့” ဟု ပူတင်က သူ့အမြင်ကို ဒဲ့ဒိုးကြေညာခဲ့သည်။
ထို့ကြောင့် ပူတင်၏ အမြင်အရ ဒွန်ဘတ်စ်ဒေသနှင့် ခရိုင်းမီးယား ကျွန်းဆွယ်တို့တွင် ၂၀၁၄ ခုနှစ်အထိ သန်းနှင့်ချီ၍ နေထိုင် လျက်ရှိသော ရုရှားလူမျိုးများသည် “ယူကရိန်း၏ လွဲချော်နေသော လီနင်ဝါဒီ နယ်နိမိတ်များ” ထဲတွင် ပိတ်မိနေခဲ့သည်ဟု ယူဆထားသည်။
ထို့အတွက် ရက်စက် ကြမ်းကြုတ်စွာဖြင့် လက်နက်အင်အား၊ စစ်အင်အားသုံး၍ ကုစားရန်အတွက် ကရင်မလင်သမ္မတ နန်းတော်က ယနေ့ ကြိုးစားနေသော ဒွန်ဘတ်စ်ပြဿနာ ဖြစ်ပါသည်။
ထိုအခင်းအကျင်း အားလုံးအတွက် အကြံပြုလိုကြသည့် အမေရိကန်ပညာရှင်များနှင့် မူဝါဒချမှတ်သူများက “လက်ရှိ အကျပ် အတည်းကို အမှန်အတိုင်း ရှုမြင်ဖို့ သင့်လျော်သည့် မှန်ဘီလူးကို မသုံးခဲ့ကြောင်း” ကောက်ချက်ချကြသည်။
သို့ဖြစ်၍ ပူတင်ကို ဖြစ်နိုင်ခြေအရှိဆုံး စကားလုံးများဖြင့် ရှုတ်ချဖို့အရေးမှာ ဆွဲဆောင်မှုကောင်း၊ ကျေနပ်အားရဖွယ် ကောင်း သော်လည်း ဟစ်တလာနှင့်သော်လည်းကောင်း၊ စတာလင်နှင့်သော်လည်း ခိုင်းနှိုင်းမှုမှာ ရှင်းလင်းသည်ထက် ပို၍၊ ပို၍ ရှုပ် ထွေး လာမည်သာ ဖြစ်ပါသည်။
ရုရှားကျူးကျော်စစ်အတွင်းက ယူကရိန်း
ယနေ့ ဗလာဒီမာပူတင်၏ စစ်ပွဲသည် ခံနိုင်ရည် မရှိသော်လည်း အဒေါ့ဖ်ဟစ်တလာ၏ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ အမျိုးသားရေးဝါဒ (သို့မဟုတ်) ဂျိုးဇက်စတင်၏ ကြီးကျယ်ခမ်းနားသော နိုင်ငံတော် တည်ဆောက်ရေး စီမံကိန်းနှင့်လည်း ဆက်စပ်မှုမှာ မဆိုသလောက် အနည်းအကျဉ်းသာ ရှိသည်။
မကောင်းသော သမိုင်းသည် မကောင်းသော မူဝါဒကို ဖြစ်စေသည်။ ပူတင်၏ ခရူးဆိတ် စစ်ပွဲနောက်ကွယ်မှ စေ့ဆော်မှု အစစ်အမှန်ကို စာရေးသူတို့ အနှေးနှင့်အမြန် နားလည် သဘောပေါက် လာသည်နှင့်အမျှ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုတို့အကြား ယခု ယူကရိန်းစစ်သည် အန္တရာယ် အကြီးမားဆုံး အကျပ် အတည်းဖြစ်သည်။
ထို့အတွက် အလွန်လိုအပ်နေသည့် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းများကို ဖော်ထုတ်ဖို့ အရေးတကြီး ဖြစ်နေပါကြောင်း။ ။
Source: Asia Times
#ပူတင် #ယူကရိန်းစစ်ပွဲ #ဟစ်တလာ #စတာလင် #ဆောင်းပါး #နိုင်ငံရေး #နိုင်ငံတကာ #CNImyanmar #cninews
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် ဧပြီ ၅ ရက် ရက်စွဲဖြင့်ဖော်ပြခဲ့သည့် မူရင်းဆောင်းပါးရှင် James Carden ၏အတွေးအမြင်ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)