CNI Sport Article

၂၀၂၄ ခုနှစ်၊ မေလ ၃၁

ပြီးခဲ့တဲ့ရက်ပိုင်းက အားလုံးကို အံ့အားသင့်စရာ ဖြစ်ခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းလို ဥရောပထိပ်သီးအသင်းက ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ရှိအောင် မကိုင်တွယ်နိုင်ခဲ့တဲ့ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်မယ်လို့ ဘယ်သူကမှ ထင်မှတ်မထားပေမယ့် ဒါက တကယ့် လက်တွေ့မှာ ဖြစ်လာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြအဖြစ် ခန့်အပ်ဖို့က သူတို့အတွက် ဦးစားပေး မဟုတ်ခဲ့ပေမယ့် လိုချင်တဲ့ နည်းပြတွေ မရတဲ့အဆုံး နောက်ဆုံးမှာ ခန့်အပ်ခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆို၊ ဂျာမနီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်း နာဂျယ်လ်စမန်း၊ သြစတြီးယားအသင်းနည်းပြ ရက်ဂ်နစ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့ သလို ထွက်ခွာမယ့် နည်းပြ တူချယ်လ်ကို အသင်းမှာ ဆက်ရှိစေဖို့ ကြိုးစားခဲ့တာမှာလည်း သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း နည်းပြကောင်း ဖြစ်လာဖို့ အလားအလာရှိတဲ့ ကွန်ပနီကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။ 

ကွန်ပနီရဲ့ နည်းပြ အတွေ့အကြုံကို ကြည့်မယ်ဆိုရင်လည်း သူဟာ ၂၀၁၉ ခုနှစ်ကမှ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူရင်းကနေ ၂၀၂၀ ခုနှစ်မှာ နည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပနီကို တွေ့ရစဉ်

အန်ဒါလက်ချ်အသင်းကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ကွန်ပနီဟာ ကြီးကြီးမားမား အောင်မြင်မှုအဖြစ် ဘယ်လ်ဂျီယံ ဖလားပြိုင်ပွဲမှာ ဒုတိယသာရရှိခဲ့တာပါ။

ကွန်ပနီဟာ အန်ဒါလက်ချ်အသင်းကို ကိုင်တွယ်အပြီးမှာ ဘန်လေအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူဟာ ဘန်လေအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။

ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိအောင် မကိုင်တွယ်နိုင်ခဲ့ပေမယ့် သူဟာ ရှိတဲ့လူစာရင်းနဲ့  အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

နည်းပြအတွေ့အကြုံ နုသေးတဲ့ ကွန်ပနီအတွက်တော့ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရတာဟာ အရင် ကိုင်တွယ်ခဲ့တဲ့ အန်ဒါလက်ချ်၊ ဘန်လေအသင်းတို့နဲ့ တူညီမှာ မဟုတ်ပါဘူး။

ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်သီးအသင်း ဖြစ်တဲ့အတွက် ကွန်ပနီဟာ ဖိအားတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို  ရင်ဆိုင်ရတော့မှာပါ။ 

ကွန်ပနီကိုယ်တိုင်ကလည်း ဒီစိန်ခေါ်မှုတွေကို သူစောင့်မျှော်နေတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့အတွက် လာမယ့်ရာသီမှာ ဆုဖလားပြန်လည်ရအောင် ယူပေးဖို့က ကွန်ပနီအပေါ်မှာ တာဝန်ရှိ သွားပြီဖြစ်ပါတယ်။

ကွန်ပနီဟာ လေဗာကူဆင်အသင်းဆီကနေ ဘွန်ဒက်လီဂါဖလားကို ပြန်လည်ရအောင် ယူဖို့ ဦးစားပေး လုပ်ဆောင်ရမှာပါ။

ကွန်ပနီကို တွေ့ရစဉ်

ပြီးရင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ပြန်လည်ကြီးစိုးအောင် လုပ်ဖို့အတွက် ကွန်ပနီ အနေနဲ့ တစ်ဆင့်ချင်းစီ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။ 

လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာဆိုရင် ကွန်ပနီထက် ရက်ပိုင်းပိုကြီးနေတဲ့ ဂိုးသမား နူအာ၊ အသက်သိပ်မကွာတဲ့ မူလာတို့လို ကစားသမားတွေရှိတာကြောင့် ဘယ်လ်ဂျီယံ လူမျိုးနည်းပြဟာ သူတို့နဲ့ တိုင်ပင်ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်သွားဖို့လည်း လိုအပ်နေတာပါ။ 

ဂျာမနီ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သူတို့နဲ့ အဆင်မပြေရင်လည်း ကွန်ပနီအတွက် အခက်တွေ့နိုင်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ပြန်ကြည့်ရင်လည်း ဇာဘီအလွန်ဆိုလို လူငယ်နည်းပြ တစ်ဦးက လေဗာကူဆင် အသင်းကို ရှုံးပွဲမရှိ စံချိန်တင် အောင်ပွဲတွေ ရယူခဲ့ချိန်မှာ သူတို့လည်း လူငယ်နည်းပြတစ်ဦးနဲ့ ပြန်လုပ်ပြဖို့ ရည်ရွယ်ထားပုံရတာ ဖြစ်ပါတယ်။

အောင်မြင်မှုမရရင်တော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဝေဖန်မှုတွေ အများကြီးကို ခံရမှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ ကွန်ပနီတို့ဟာ သူတို့ကို မယုံကြည်တဲ့သူတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ဖို့က လာမယ့်ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ကွန်ပနီအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ကိုင်တွယ်ပြီး ဆုဖလားတွေ ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။