CNI Sport Article
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘက်တစ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
ဒီဆုဖလားဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိပြီးနောက်ပိုင်း ပထမဆုံးဆုဖလား ဖြစ်ခဲ့ပါတယ်။
ချယ်လ်ဆီး အမျိုးသားအသင်းဟာ တောဒ့်ဘိုလေ ဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့ လက်ထက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံကျော် သုံးစွဲပြီး ရရှိလာတဲ့ ပထမဆုံးဆုဖလားဆိုရင်လည်း မမှားပါဘူး။
ပြီးခဲ့တဲ့နွေရာသီကမှ ချယ်လ်ဆီးအသင်းကို နည်းပြသစ်အဖြစ် စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ အီတလီလူမျိုး နည်းပြ မာရက်စ်ကာက ဒီဆုဖလားဟာ အသင်းရဲ့အောင်မြင်မှု စမှတ်ဖြစ်လာဖို့ မျှော်လင့်တယ်လို့ ပြောထား ပါတယ်။
ကွန်းဖရန့်လိဂ်ဆုဖလားနဲ့ တော့ဒ်ဘိုလေကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသင်းအောင်မြင်မှု ရယူနိုင်ဖို့ ငွေကြေး အများအပြား သုံးစွဲခဲ့ပေမယ့် နည်းပြ အပြောင်းအလဲတွေသာ လုပ်ခဲ့ရပြီး မနှစ်ကရာသီမှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပဲရှိခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ၂ ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့လည်း လွဲခဲ့ရပြီး လူစာရင်း များပြားမှုကြောင့်လည်း လှောင်ပြောင်မှုတွေ အကြိမ်ကြိမ် ခံခဲ့ရတာဖြစ်ပါတယ်။
ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်မယ့် ပြိုင်ပွဲထဲမှာတောင် ပါဝင်ခဲ့တာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်ပိုင်းမှာ နိုင်ပွဲတွေပျောက်၊ ရလဒ်တွေဆိုးခဲ့ပြီး ချန်ပီယံလုပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ စိုးရိမ်ခဲ့ရတာဖြစ်ပါတယ်။
နည်းပြမာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေကြောင့် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ရုပ်သံဘောလုံး ဝေဖန်သူတွေနဲ့ ပရိသတ်တွေက ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ချယ်လ်ဆီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရလဒ်ရယူကာ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူသွားနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ အဓိကရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တာကြောင့် နည်းပြမာရက်စ်ကာဟာ အသင်းကို အောင်မြင်မှုရရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့်ပြန်ရခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဥရောပရဲ့ တတိယတန်းစား ဖလားဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
ဒီဆုဖလားကို ရယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဥရောပဖလား အားလုံးကို ရယူနိုင်တဲ့ ပထမဆုံးအသင်း အဖြစ်လည်း စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ဥရောပဆုဖလား တစ်လုံးရယူပြီး အဆုံးသတ်ခဲ့ တာကြောင့် အောင်မြင်ခဲ့တဲ့ ရာသီလို့ ပြောရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ သူတို့အသင်းကို အရင်လို ဆုဖလားအောင်မြင်မှုမျိုး ပြန်လည်ရရှိတာကို မြင်တွေ့ချင်နေတာကြောင့် ဒီအောင်မြင်မှုကို ကျေနပ်ခြင်းတော့ မရှိပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာ ဆိုးရွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒီရာသီက အောင်မြင်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။
ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အသင်းရဲ့လူစာရင်း အင်အားကို ပိုပြီးကောင်းမွန်အောင် ဖြည့်တင်းနိုင်ဖို့ လိုအပ်နေပါတယ်။
သူတို့ရဲ့ လက်ထက်မှာ ပြောင်းရွှေ့ကြေး အသုံးစရိတ်ပေါင် ၁ ဘီလီယံကျော်အထိ သုံးစွဲထားတဲ့ ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေဟာ အသင်းအောင်မြင်မှု ရယူဖို့အတွက် နောက်ထပ် ပြောင်းရွှေ့ကြေးသုံးစွဲဖို့ ဝန်လေးနေမှာ မဟုတ် တာပါ။
ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ အသင်း အတွက် ရာသီသစ် ပြင်ဆင်ဖို့ အထောက်အကူ ပေးနိုင်ပါတယ်။
နည်းပြ မာရက်စ်ကာ အနေနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး ချယ်လ်ဆီးအသင်းကို အောင်မြင်မှုတွေ ထပ်ရယူပေးနိုင်ဖို့ ဦးဆောင်နိုင်မလားဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။