CNI Sport Article
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်ဟာ ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်မယ့် အသင်း ၈ သင်း၊ ပလေးအော့ဖ် ကစားရမယ့် အသင်း ၁၆ သင်းဟာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့သာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ထားနိုင်တဲ့ အတွက် ကျန်တဲ့အသင်းတွေဟာ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရရှိဖို့ ကြိုးပမ်းရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရထားပြီး နောက်ဆုံးပွဲမှာ ကိုင်ရတ်အသင်းနဲ့ ကစား ရမှာဖြစ်လို့ ရာနှုန်းပြည့်အနိုင်နဲ့ League Phase အဆင့်ကို အဆုံးသတ်ရဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း PSV အသင်းနဲ့ ကစားရမယ့် နောက်ဆုံးပွဲမှာ ရမှတ် ၁ မှတ် ရယူနိုင်တာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ဖို့ သေချာမှာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၂ သင်းဟာ လာမယ့် အဆင့်တိုင်းမှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်လို့ အားသာချက်ရရှိမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်
အဆင့် ၃ နေရာက ရီးရယ်လ်အသင်း၊ အဆင့် ၄ နေရာက လီဗာပူးလ်အသင်း၊ အဆင့် ၅ နေရာက စပါးအသင်းတို့ ဟာ နောက်ဆုံးပွဲမှာ အနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်း၊ လီဗာပူးလ်အသင်းက ကာရာဘတ်အသင်း၊ စပါးအသင်းက ဖရန့်ဖတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အဆင့် ၆ နေရာက PSG အသင်းကနေ အဆင့် ၁၃ နေရာက အတ္တလန်တာအသင်းတို့ဟာ ရမှတ် ၁၃ မှတ်ချင်း တူညီနေတာကြောင့် အားပြိုင်မှုတွေက ပိုပြီးပြင်းထန်ဖို့ ရှိနေပါတယ်။
နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အနိုင်ရဖို့ လိုအပ်နေသလို သူတို့ရဲ့ကံကြမ္မာဟာ ဂိုးကွာခြား ချက်အပေါ်မှာ မူတည်နေပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ PSG အသင်း အိမ်ကွင်း သွားရောက် ကစားရမှာဖြစ်လို့ ခက်ခဲနိုင်ပြီး ချယ်လ်ဆီး အသင်းကလည်း အဝေးကွင်းမှာ နာပိုလီအသင်း၊ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဂါလာတာစာရေး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ထိပ်ဆုံး ၈ နေရာထဲက ကျန်ရှိတဲ့ ၆ နေရာအတွက် အသင်း ၁၆ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီအထဲကအသင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲက ၂ ပွဲသာရှိပါတယ်။
ဒီပွဲတွေကတော့ PSG နဲ့ နယူးကာဆယ်၊ ဒေါ့မွန်နဲ့ အင်တာမီလန်အသင်း ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဆင့် ၃၂ နေရာ မှာ ရပ်တည်နေတဲ့ အေဂျက်စ်အသင်းထိ အားလုံးပါဝင်နေသေးတဲ့ ပလေးအော့ဖ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပွဲစဉ် ၇ အပြီးမှာ ဖရန့်ဖတ်၊ ဆလားဗီးယား၊ ဗီလာရီးရယ်လ်နဲ့ ကိုင်ရတ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရတာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်အသင်းနဲ့ အေဂျက်စ်အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၃ မှတ်သာရှိပါတယ်။ နာပိုလီ၊ ဘင်ဖီကာအသင်းတို့လို အသင်းကြီးတွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အခြေအနေမှာ ရှိနေပါတယ်။
သူတို့ ၂ သင်းဟာ ချယ်လ်ဆီး၊ ရီးရယ်လ်အသင်းတို့နဲ့ တွေ့ဆုံရမှာဖြစ်လို့ ပလေးအော့ဖ် ဝင်ခွင့်အတွက် ယှဉ်ပြိုင် ခွင့် ရယူနိုင်ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်။ League Phase နောက်ဆုံးပွဲကတော့ အသင်းတိုင်းရဲ့ မျှော်လင့်ချက် ကိုယ်စီအတွက် အလွန်အရေးပါနေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အဲဒါကြောင့် ဘယ်အသင်းတွေက အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မလဲ၊ ဘယ်အသင်းတွေက ပလေးအော့ဖ် ဝင်ခွင့်သာရပြီး ဘယ်အသင်းတွေက ထွက်ခွာရမလဲ ဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Source: BBC
