CNI International Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄

လက်ရှိ ကမ္ဘာ့အခြေအနေသည် ယူကရိန်းစစ်ပွဲ၊ ဂါဇာပဋိပက္ခ၊ အရှေ့အလယ်ပိုင်းဒေသ၏ မတည်ငြိမ်မှုများ၊ အင်အားကြီး နိုင်ငံများကြား အားပြိုင်မှုများအပြင် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူ ဆောင်ရွက်မှုများ နှင့် ဂရင်းလန်း (Greenland) ကျွန်းကို အမေရိကန်က ထိန်းချုပ်ရန် ကြိုးပမ်းမှုများကြောင့် ရှုပ်ထွေးပွေလီသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ထိုအကျပ်အတည်းများသည် ဒေသတွင်း အခင်းအကျင်းများ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများ၏ ရည်မှန်းချက်များ ကြောင့်သာ မဟုတ်ဘဲ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ပုံစံနှင့်ပတ်သက်ပြီး အတွင်းစည်းတွင် သဘောထား ကွဲလွဲမှုများ၏ ရလဒ်များဖြစ်သည်။

ဤအားပြိုင်မှု၏ ဗဟိုချက်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) နှင့် အမေရိကန် လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်း (American Deep State) ဟု အများက ခေါ်ဆိုကြသည့် အင်အားစုတို့ ထိပ်တိုက်တွေ့နေခြင်းဖြစ်သည်။

လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) ဆိုသည်မှာ အစိုးရအထက်တွင် ရှိနေသည်ဟု ယူဆရသည့် ရွေးကောက်ခံ မဟုတ်သော သြဇာကြီး အဖွဲ့အစည်းများ၊ အမြစ်တွယ်နေသော အကျိုးစီးပွားအုပ်စုများနှင့် ဝါဒရေးရာ ကွန်ရက် များ ပါဝင်သည့် အင်အားစုဟု မှတ်ယူနိုင်သည်။

ထို့ပြင် Deep State ကို အရိပ်ထဲမှ အစိုးရအဖွဲ့၊ လျှို့ဝှက်အစိုးရအဖွဲ့၊ မမြင်ရသည့် အစိုးရအဖွဲ့ အစရှိသဖြင့် အမျိုးမျိုး ခေါ်ဆိုလေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထိုပဋိပက္ခသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြား တစ်ဖက်ဖက်အား ရွေးချယ်မှုမျိုး မဟုတ်ဘဲ အမေရိကန်၏ အာဏာ ကို မည်သူက ထိန်းချုပ်မည်နည်း၊ အာဏာအသုံးချမှုကို မည်သို့သော အကြောင်းပြချက်ဖြင့် တရားမျှတအောင် ပြုလုပ်မည်နည်း၊ နောက်ဆုံးတွင် မည်သူ့အကျိုးစီးပွားကို အလုပ်အကျွေး ပြုမည်နည်း ဆိုသည့် မေးခွန်းများအပေါ် အခြေခံထားသည်။

သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုပါက အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်း ပါဝင်ပတ်သက်နေရန် ပုံဖော်ထားခြင်းမျိုး မဟုတ်ခဲ့ပေ။

ဒုတိယကမ္ဘာစစ် မတိုင်မီက အမေရိကန်၏ မဟာဗျူဟာသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းနှင့် လိုအပ် သည့် ကိစ္စရပ်များတွင်သာ ပါဝင်ခြင်းအပေါ်မှာ အခြေခံခဲ့သည်။

အမေရိကန်သမ္မတ ဂျော့ဂျ်ဝါရှင်တန် (George Washington) သည် အမြဲတမ်း မဟာမိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန် သတိပေးခဲ့ဖူးသည်။

ထိုသတိပေးချက်သည် ပြည်ပရေးရာကိစ္စများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခြင်းသည် သမ္မတနိုင်ငံ စနစ်ဖြင့် အုပ်ချုပ်မှုစနစ် (Republican governance) ကို ထိခိုက်ပျက်ပြား စေမည်ဆိုသည့် စိုးရိမ်မှုကို ထင်ဟပ်စေခဲ့သည်။

၁၈၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မွန်ရိုးဝါဒ (Monroe Doctrine) သည် ဥရောပ၏ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများကို ရှောင်ရှားရင်း အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်၏ လွှမ်းမိုးမှုကို အတည်ပြုနိုင်ရန် စနစ် တကျ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က အမေရိကန်၏ အာဏာသည် စစ်မှန်သော်လည်း ပထဝီဝင်အရ ကန့်သတ်ချက်ရှိပြီး မဟာဗျူဟာ မြောက် သတိထား ဆောင်ရွက်သည့် ပုံစံမျိုးသာ ဖြစ်ခဲ့သည်။

သို့သော် ဒုတိယကမ္ဘာစစ်နှင့် ဆိုဗီယက်ယူနီယံ၏ အင်အားကြီးထွားလာမှုတို့က ထိုအခြေအနေကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည်။

အမေရိကန်သည် နေတိုးကဲ့သို့သော အဖွဲ့အစည်းများနှင့် မာရှယ်စီမံကိန်း (Marshall Plan) ကဲ့သို့သော မူဝါဒ များမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လက်ခံကျင့်သုံးလာခဲ့သည်။

အမျိုးသားတစ်ဦး သတင်းအချက်အလက် စိစစ်နေစဉ်

သို့သော် စစ်အေးတိုက်ပွဲ အစောပိုင်းကာလ မဟာဗျူဟာများသည် လက်တွေ့ကျသော အခြေအနေပေါ်တွင်သာ အခြေခံခဲ့ကြသည်။

သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါ (Dwight Eisenhower) သည် "စစ်ဘက်-စက်မှု လုပ်ငန်းစုကြီးများ" (Military-Industrial Complex) ၏ အန္တရာယ်ကို သတိပေးခဲ့ပြီး အမြဲတမ်း စစ်အင်အား ပြင်ဆင်နေခြင်းသည် ဒီမိုကရေစီ နည်းကျ ထိန်းကျောင်းမှုများကို ပုံပျက်စေနိုင်သည့် အချက်ကို လက်ခံခဲ့သည်။

သမ္မတ ရော်နယ် ရေဂင် (Ronald Reagan) ကလည်း မူဝါဒရေးရာအရ ပြင်းထန်သည့် စကားလုံးများကို အသုံးပြု ခဲ့သော်လည်း လက်တွေ့တွင်မူ ဖိအားပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ပေါင်းစပ်အသုံးပြုကာ တင်းမာမှုများ ကို လျှော့ချရန်သာ ကြိုးပမ်းခဲ့သည်။

ထိုအချိန်က အမေရိကန်၏ အာဏာကို ရှင်းလင်းသော ရည်မှန်းချက်များနှင့် သတ်မှတ်ထားသော အကန့်အသတ် များ၊ စည်းဘောင်များအတွင်း၌သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားချိန်တွင် ထိုကဲ့သို့ ထိန်းချုပ် ကန့်သတ်မှုများကို ပြိုပျက်သွားစေခဲ့သည်။

ပြိုင်ဘက်ကင်းသွားသည့် အခါတွင် လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသည် အမေရိကန်၏ အာဏာကို ပုံစံ ပြောင်းလဲသွားစေခဲ့သည်။

ထို့နောက်တွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စည်းမျဉ်းအခြေပြု အခင်းအကျင်း (Rules-based order) ဟူသော စကားလုံးများဖြင့် အခြားနိုင်ငံများ၏ အရေးကိစ္စများတွင် ကြားဝင်စွက်ဖက်ခြင်းကို သာမန်လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်လာခဲ့သည်။

အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများ၏ ဖြစ်ရပ်များက တစ်ထပ်တည်း တူညီနေသည့် သာဓကတစ်ခုကို ပြသရာရောက်ခဲ့သည်။

ထိုသာဓကမှာ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ပြီးနောက်တွင် ရေရှည် မတည်ငြိမ်မှုများ၊ မူလရည်မှန်း ချက်ထက် ကျော်လွန်လာသော စစ်ရေးချဲ့ထွင်မှုများနှင့် မဟာဗျူဟာမြောက် ကျိုးကြောင်းကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လေယာဉ်ကိုတွေ့ရစဉ်

စစ်ပွဲသည် နိုင်ငံခြားရေးမူဝါဒ၏ လက်နက် တစ်ခုမျှသာ မဟုတ်တော့ဘဲ အုပ်ချုပ်ရေးယန္တရား၏ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ အခြေအနေမျိုးမှာပင် အမေရိကန် လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (American Deep State) ဟုခေါ်သည့် အင်အားစုသည် အတွေးအမြင် တစ်ခုအဖြစ် မဟုတ်ဘဲ လုပ်ငန်းသဘာဝအရ အပြန်အလှန် အမှီပြုနေသည့် စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ကာကွယ်ရေး ကန်ထရိုက်တာများ၊ ထောက်လှမ်းရေးအေဂျင်စီများ၊ ဗျူရိုကရေစီအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်အဖွဲ့များ၊ မီဒီယာအဖွဲ့အစည်းများနှင့် ပညာရှင် အသိုင်းအဝိုင်းများက အချင်းချင်း အားဖြည့်ပေးနေသည့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

ထိုအုပ်စုများ၏ တရားဝင် တည်ရှိမှုသည် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အကျပ်အတည်းများ အပေါ်တွင်သာ မူတည်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲများက နိုင်ငံ့ခေါင်းဆောင်များကိုသာ ပြောင်းလဲနိုင်ခဲ့သော်လည်း မူဝါဒ လမ်းကြောင်းများမှာမူ သိသိသာသာ တည်ငြိမ်နေခဲ့သည်။

ကျရှုံးမှုများကို လိုအပ်ချက် တစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများကိုမူ အဖွဲ့အစည်း အသီးသီးကြားတွင် အစဖျောက်ခဲ့ကြသည်။

ဘိုင်ဒန်အစိုးရ၏ ပြင်းထန်သော လစ်ဘရယ် အပြည်ပြည်ဆိုင်ရာဝါဒသို့ ပြန်လည်ကူးပြောင်းမှုသည် ထိုစနစ်ကြီး၏ စိတ်ပျက်ရသည့် အခြေအနေများကို ဖော်ထုတ်ပြသရာ ရောက်ခဲ့သည်။

ယူကရိန်းအရေးတွင် အမေရိကန်သည် နေတိုး အင်အားစု နယ်မြေ ချဲ့ထွင်ရေးနှင့် မဟာဗျူဟာမြောက် အရိပ် လက္ခဏာ ပြမှုများမှတဆင့် ရုရှားနှင့် ထိပ်တိုက်တွေ့ရန် တွန်းအားပေးခဲ့သော်လည်း ခိုင်မာသည့် သံတမန်ရေးရာ ထွက်ပေါက်တစ်ခုကိုမူ ရှာဖွေရန် ငြင်းဆန်ခဲ့သည်။

အချုပ်အခြာအာဏာကို ကိုယ်ကျင့်တရားအရ ကာကွယ်ခြင်းဟု အမည်တပ်ထားခြင်းသည်  နောက်ဆုံးတွင် ယူကရိန်းအား ပျက်စီးစေခဲ့သလို ဥရောပစီးပွားရေးကို ကျပ်တည်းစေသည်။ 

ထို့နောက် ရုရှား၏ စစ်အင်အား ချဲ့ထွင်မှုကို ခိုင်မာစေပြီး ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုများအား ပိုမိုနက်ရှိုင်းစေ သည့် ကြားခံစစ်ပွဲ (Proxy war) တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဂါဇာဒေသတွင် အမေရိကန်၏ မူဝါဒ မတည်ငြိမ်မှုနှင့် ဘက်ရွေးတတ်သည့် ကိုယ်ကျင့်တရား စံနှုန်းများသည် အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများကို ပိုမိုရဲတင်းလာစေခဲ့ပြီး အရပ်သားများအပေါ် ကြီးမားသော ဒုက္ခများကိုသာ ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန်သည် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်သူ သို့မဟုတ် ပြတ်သားသော ဆုံးဖြတ်ချက် ချနိုင်သူအဖြစ် မပေါ်လွင်ဘဲ ဖြစ်ရပ်များအပေါ် တုန့်ပြန်ရုံ သက်သက်သာ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် ရှိနေကာ စကားလုံးများနှင့် မြေပြင် အခြေအနေကြားတွင် ပိတ်မိနေခဲ့သည်။

ထရမ့်၏ ထွက်ပေါ်လာမှုသည် စစ်အေးတိုက်ပွဲလွန်ခေတ်က အမြစ်တွယ်နေသော အယူအဆဟောင်းများကို ပြတ်တောက်သွားစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထို့ပြင် သံတမန်ရေးရာကို ကိုယ်ကျင့်တရားဆိုင်ရာ အသိအမှတ်ပြုမှုအဖြစ် မဟုတ်ဘဲ အကျိုးအမြတ်အတွက် အသုံးချရမည့် လက်နက်တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

ထရမ့်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရှားခဲ့ပြီး ရုရှားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့မှု ကိုလည်း ငြင်းပယ်ခဲ့သည်။

ဆီးရီးယားနှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်၏ တပ်အင်အားကို လျှော့ချခဲ့ကာ ယခင်က မဆက်ဆံခဲ့သည့် ပြိုင်ဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၎င်း၏ သမ္မတ သက်တမ်းအတွင်း ကြီးမားသော စစ်ပွဲအသစ်များ မရှိခြင်းက အမြဲတမ်း စစ်ရေး ပါဝင်ပတ်သက်မှု အပေါ် မှီခိုနေသော စနစ်ကြီးတစ်ခုလုံး သို့မဟုတ် Deep State အတွက် တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့သည်။

သို့သော် ထရမ့်သည် အမေရိကန်၏ လွှမ်းမိုးမှုကို မည်သည့်အခါကမျှ ဆန့်ကျင်ခဲ့ခြင်းမရှိပေ။

ထိုအချက်ကို ဗင်နီဇွဲလားနှင့် ဂရင်းလန်း (Greenland) ကိစ္စများတွင် မြင်တွေ့နိုင်သည်။

ထရမ့်အနေဖြင့် အင်အားသုံးရန် သို့မဟုတ် ဖိအားပေးရန် ဝန်မလေးခြင်းသည် Deep State နှင့် ၎င်းကြားက ပဋိပက္ခနှင့် ဆန့်ကျင်ဘက်ဖြစ်မနေဘဲ ၎င်း၏မူဝါဒကို ပိုပြီး ရှင်းလင်းသွားစေခြင်းဖြစ်သည်။

ထရမ့်သည် အာဏာအသုံးချမှုကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ထိုအာဏာကို  Deep State အင်အားစုက ချုပ်ကိုင် ထားခြင်းကိုသာ ဆန့်ကျင်နေခြင်းဖြစ်သည်။

ရွေးကောက်ခံ မဟုတ်သည့် အင်အားစုများက စီမံခန့်ခွဲသည့် အခြေအနေထက် သမ္မတက တိုက်ရိုက်ထိန်းချုပ် သည့် တိုတောင်းပြီး အကျိုးအမြတ်ကို အခြေခံသော လုပ်ဆောင်ချက်များကိုသာ ထရမ့်ကို ပိုမိုနှစ်သက်သည်။

ဗင်နီဇွဲလားတွင် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးက ထိုသဘောတရားကို ထင်ဟပ်စေသည်။

တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် ခေါင်းစဉ် တပ်ထားသော်လည်း လက်တွေ့တွင်  အနောက် ကမ္ဘာခြမ်း၌ လွှမ်းမိုးမှုရယူရန်နှင့် ရေနံကြောင့်ဖြစ်သည်။

လက်ရှိ အမေရိကန်နိုင်ငံရေး အခင်းအကျင်းတွင် ဖြစ်ပွားနေသော သမ္မတထရမ့်နှင့် Deep State ကြား ထိပ်တိုက် တွေ့ဆုံမှုသည် ရိုးရှင်းသော ပုဂ္ဂိုလ်ရေး ရန်ငြိုးဖွဲ့မှု မဟုတ်ပေ။

အမေရိကန်၏ အချုပ်အခြာအာဏာကို မည်သို့ အသုံးချမည်နည်းဆိုသည့် မတူညီသော ပုံစံနှစ်ခုကြား အားပြိုင်နေ သည့် ဖွဲ့စည်းပုံဆိုင်ရာ တိုက်ပွဲ (Structural Battle) တစ်ခု ဖြစ်သည်။

ထရမ့်၏ နိုင်ငံခြားရေးမူဝါဒသည် အစဉ်အလာ သံတမန်ရေးရာ စံနှုန်းများကို ဖယ်ရှားခဲ့ပြီး ဗင်နီဇွဲလား၏ ရေနံ အပေါ် အာရုံစိုက်မှုနှင့် ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည် မွန်ရိုးဝါဒကို ပြန်လည်နိုးထစေခဲ့ သည်။

တစ်ဖက်တွင် Deep State ဟုခေါ်သည့် ဗျူရိုကရေစီ ယန္တရားသည် ၎င်းတို့၏ အာဏာကို စည်းမျဉ်းအခြေပြုမှုနှင့် လူသားချင်းစာနာမှုဟူသော ပုံရိပ်များနောက်တွင် တည်ဆောက်ထားသည်။

ထရမ့်က ဆုံးဖြတ်ချက်ချသည့် အာဏာကို သမ္မတထံတွင်သာ ဗဟိုပြုစေလိုပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများ ကို လျစ်လျူရှုမှုများသည် Deep State ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်သည်။

ထို့ကြောင့် Deep State သည် ထောက်လှမ်းရေး သတင်းများ ပေါက်ကြားစေခြင်းနှင့် မီဒီယာများမှတဆင့် တိုက်ခိုက်ခြင်းများသည် ထရမ့်ကို ပုဂ္ဂိုလ်ရေး မနှစ်သက်မှုကြောင့်သာ မဟုတ်ဘဲ ၎င်းတို့၏ တည်ရှိမှုနှင့် လွှမ်းမိုး မှုကို ကာကွယ်ရန် တုန့်ပြန်ခြင်းသာ ဖြစ်သည်။

ခြုံငုံသုံးသပ်ရမည်ဆိုပါက ထရမ့်နှင့် Deep State အကြား အားပြိုင်မှုသည် အမေရိကန်နိုင်ငံရေး၏ နက်ရှိုင်းသော အကျပ်အတည်းကို ထင်ဟပ်နေသည်ဟု မှတ်ယူနိုင်ပေသည်။

Source: Asia Times