CNI Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇
ဗင်နီဇွဲလားနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့် သြဇာကြီးမားသော လူနည်းစုသည် ၎င်းတို့အား သစ္စာခံသည့် ကွန်ရက်များနှင့် လုံခြုံရေးအေဂျင်စီများ၏ အကူအညီဖြင့် အာဏာကို ရေရှည်ဆုပ်ကိုင်ထားနိုင်ခဲ့ကြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ရာထူးမှ ဖယ်ရှားလိုက်နိုင်သော်လည်း ထိုအာဏာရှင် စနစ်မှာ ဆက်လက် ရှင်သန်နေဆဲဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံ၏ အာဏာဖွဲ့စည်းပုံနှင့် ဗင်နီဇွဲလား၏ အနာဂတ်ကို ပုံဖော်နေသည့် အမေရိကန်အရာရှိများ အကြောင်းကို လေ့လာဆန်းစစ်ကြည့် ရမည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
¤ ဗင်နီဇွဲလား
ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (DELCY RODRIGUEZ)
*****************************************
သူကဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုအစိုးရ လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခု အခါ အမေရိကန်၏ ကြီးကြပ်မှုအောက်တွင် နိုင်ငံကို စီမံခန့်ခွဲနေရသူ ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဒယ်လ်စီသည် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သလို ပါတီတွင်း ဝါရင့်အရာရှိတစ်ဦးလည်း ဖြစ်သည်။ ဒုတိယသမ္မတ၊ ရေနံဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်များကို ယူခဲ့စဉ်က စီးပွားရေးအာဏာ အားလုံးကို ဆုပ်ကိုင်ထားနိုင်ခဲ့၍ သူမကို ဘုရင်မ (Tsarina) ဟု တင်စားခေါ်ဝေါ်ကြသည်။
မာဒူရိုအစိုးရတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်းကြောင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုအောက်တွင် ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါ အမေရိကန်အစိုးရ၏ ယုံကြည်မှုကို ရရှိထားသည်။
အထူးသဖြင့် အမေရိကန် ရေနံကုမ္ပဏီကြီးများက ပျက်စီးယိုယွင်းနေသော ဗင်နီဇွဲလား၏ စွမ်းအင်ကဏ္ဍကို ပြန်လည် တည်ဆောက်ရန်အတွက် ဒယ်လ်စီကို အသင့်တော်ဆုံးနှင့် အတူတကွ အလုပ်နိုင်ဆုံးသူအဖြစ် ရှုမြင်ကြသည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဂျော့ချ် ရော့ဒရီဂွက်ဇ် (JORGE RODRIGUEZ)
*****************************************
သူက ဘယ်သူလဲ - ယာယီသမ္မတ ဒယ်လ်စီ၏ အစ်ကိုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစ၍ ဗင်နီဇွဲလား အမျိုးသားလွှတ်တော် ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။
နောက်ခံနှင့် တာဝန် - အာဏာရ ဆိုရှယ်လစ်ပါတီက အပြတ်အသတ် အင်အားသာလွန်သော လွှတ်တော်ယန္တရား တစ်ခုလုံးကို ဦးဆောင်ထားသည်။
ဘာကြောင့် အရေးပါသနည်း - ဂျော့ချ်သည် မာဒူရိုအစိုးရ လက်ထက်ကတည်းက အမေရိကန်၊ နိုင်ငံရေး အတိုက် အခံများနှင့် ဆက်သွယ်ညှိနှိုင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျဉ်းသားလွှတ်ပေးရေး ဆွေးနွေးမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဂျော့ချ်သည် ဒယ်လ်စီနှင့်အတူ ပြည်ပအစိုးရများနှင့် လက်တွေ့ကျကျ ညှိနှိုင်းဆွေးနွေးနိုင်သူ တစ်ဦးအဖြစ် ရှုမြင် ခံထားရပြီး နောက်ထပ် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာနိုင်စေရန် ရေနံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို ရှေ့တန်းမှ ဦးဆောင်လာလိမ့်မည်ဟု အမေရိကန်က ခန့်မှန်းထားသည်။
ဒီအိုဒါဒို ကာဘယ်လို (DIOSDADO CABELLO)
*******************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ကာဘယ်လိုသည် ဗင်နီဇွဲလားနိုင်ငံ၏ စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီ (DGCIM) နှင့် Colectivos ဟုခေါ်သော လက်နက်ကိုင်အဖွဲ့များအပေါ် သြဇာလွှမ်းမိုး ထားနိုင်မှုကြောင့် လေးစားခံရသူဖြစ်သည်။
Colectivos အဖွဲ့များသည် အာဏာရပါတီနှင့် မဟာမိတ်ပြုထားသည့် မော်တော်ဆိုင်ကယ် ဂိုဏ်းများဖြစ်ပြီး အတိုက်အခံများနှင့် အတိုက်အခံ ထောက်ခံသူများကို ခြိမ်းခြောက် နှိပ်ကွပ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြား သည်။
ဘာကြောင့် အရေးပါသနည်း - ကာဘယ်လိုကို ဗင်နီဇွဲလားတွင် ဖိနှိပ်မှုများ၏ အဓိက လက်သည်အဖြစ် လည်း ကောင်း၊ "ချားဗက်စ်ဝါဒ" (Chavismo) ကို လက်ဆင့်ကမ်းနေသည့် အဓိက ခေါင်းဆောင်အဖြစ် လည်းကောင်း ရှုမြင်ကြသည်။
သူသည် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် အမေရိကန်၏ တရားစွဲဆိုခြင်းကို ခံထားရသော် လည်း ထိုစွဲချက်များကို ငြင်းဆိုထားသည်။
အမေရိကန်က ၎င်းအား ဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း ထုတ်ထားသည်။
လက်ရှိတွင် ကာဘယ်လို အနေဖြင့် ယာယီသမ္မတ ဒယ်လ်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အမေရိကန်၏ ဖမ်းဆီးမှုကို ခံရမည့် အဓိက ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးခံထားရသည်။

ဗင်နီဇွဲလား အလံကို တွေ့ရစဉ်
ဗလာဒီမာ ပါဒရီနို (VLADIMIR PADRINO)
************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ပါဒရီနိုသည် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ကွပ်ကဲသူဖြစ်သည်။
အမေရိကန် အရာရှိများကမူ မာဒူရိုအလွန် အကူးအပြောင်း ကာလအတွင်း အာဏာလေဟာနယ် မဖြစ်စေရန် အတွက် ၎င်း၏အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်ဟု ရှုမြင်ထားသည်။
သူက ဘာကြောင့် အရေးပါသနည်း - ပါဒရီနိုသည် ကာဘယ်လို ထက်စာလျှင် ဝါဒစွဲ နည်းပါးသူ ဖြစ်သည်။
ပါဒရီနိုသည် ယာယီသမ္မတ ဒယ်လ်စီကို သစ္စာခံမည်ဟု ကတိပြုထားပြီး၊ ၎င်း၏ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းအတွက် အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာမည့်သူအဖြစ် ယူဆခြင်းခံရသည်။
ပါဒီရီနိုသည် အမေရိကန်၏ မူးယစ်ဆေးဝါး မှောင်ခိုမှုစွဲချက်ဖြင့် တရားစွဲခံထားရပြီး ဒေါ်လာ ၁၅ သန်း ဆုကြေးငွေ ထုတ်ပြန်ခံထားရသော်လည်း ကာကွယ်ရေးဝန်ကြီးရာထူးကို ၁၁ နှစ်ကျော်တိုင်အောင် ဆုပ်ကိုင်ထားနိုင်သူ ဖြစ် သည်။
မာရီယာ ကိုရီနာ မာချာဒို (MARIA CORINA MACHADO)
***************************************************
သူက ဘယ်သူလဲ - ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာချာဒိုသည် ၎င်း၏ ဘဝသက်တမ်း တစ်လျှောက်လုံး အာဏာရပါတီကို ရာထူးမှ ဖယ်ရှား ရန် ကြိုးပမ်းခဲ့ပြီး ၎င်းအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲထားသည့် မာဒူရိုအစိုးရ၏ အလွဲသုံးစားမှုများကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မာချာဒိုသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့သော အတိုက် အခံ ပါတီများ၏ ပဏာမ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။
သို့သော် မာဒူရိုအစိုးရက ၎င်းအား အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။
မာချာဒိုသည် အမေရိကန် အစိုးရအဖွဲ့ဝင် အချို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသော်လည်း အမေရိကန်သမ္မတ ထရမ့်ကမူ မာချာဒိုသည် နိုင်ငံကို အုပ်ချုပ်ရန် ထောက်ခံမှု အလုံအလောက် မရှိကြောင်း ပြောကြားထားသည်။
¤ အမေရိကန်
မာကို ရူဘီယို (MARCO RUBIO)
*******************************
သူက ဘယ်သူလဲ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ယာယီအကြံပေးပုဂ္ဂိုလ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - သမ္မတ ထရမ့်ပြီးလျှင် ရူဘီယိုသည် ဗင်နီဇွဲလားဆိုင်ရာ စစ်ဆင်ရေးများတွင် လူသိအများ ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ဗင်နီဇွဲလား ခေါင်းဆောင်များအား အမေရိကန်၏ လမ်းညွှန်ချက်များကို လိုက်နာလာစေရန် ဖိအားပေးသည့် လုပ်ငန်းစဉ်များတွင် ရူဘီယိုသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။
ဘာကြောင့် အရေးပါသနည်း - ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်ပြီး စပိန်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့် ရူဘီယိုသည် လက်တင်အမေရိက အရေးကိစ္စများကို ကာလရှည်ကြာ ကိုင်တွယ် လာခဲ့သူဖြစ်သည်။
မာဒူရိုကို ရာထူးမှ ဖယ်ရှားနိုင်ခြင်းသည် ၎င်း၏ မျှော်မှန်းချက်တစ်ခု အောင်မြင်သွားခြင်းဖြစ်ပြီး နောက်ထပ် တစ်ဆင့် အနေဖြင့် ကျူးဘားအစိုးရကိုပါ ပြောင်းလဲပစ်ချင်သည်ဟု ပြောကြားထားသည်။
သူသည် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလျက် ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကို တွေ့ရစဉ်
ဂျွန် ရက်ကလစ်ဖ် (JOHN RATCLIFFE)
***********************************
သူက ဘယ်သူလဲ - အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ရက်ကလစ်ဖ်သည် အမေရိကန်၏ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဦးဆောင်သူဖြစ်ပြီး ဗင်နီဇွဲလားအရေးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင် ကိုင်တွယ်ခဲ့သည့် အဓိက အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - သမ္မတ ထရမ့်၏ အမာခံ မဟာမိတ်ဖြစ်သည့် ရက်ကလစ်ဖ်သည် ရူဘီယို၊ အိမ်ဖြူ တော် လက်ထောက် စတီဖင် မေလာ (Stephen Miller) နှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (PETE HEGSETH) တို့ ပါဝင်သော ဗင်နီဇွဲလားဆိုင်ရာ ဦးဆောင်မှုအဖွဲ့၏ နေ့စဉ်နီးပါး ပြုလုပ်သည့် အစည်းအဝေးများနှင့် ဖုန်းဖြင့် ဆွေးနွေးမှုများတွင် ပါဝင်လေ့ရှိသည်။
မာဒူရိုကို ဗင်နီဇွဲလား နိုင်ငံအတွင်းမှ လျှို့ဝှက်စွာ ဖယ်ရှားလိုက်သည့် စစ်ဆင်ရေးတွင် CIA သည် အလွန်အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစ၍ ဗင်နီဇွဲလား မြေပြင်တွင် CIA အဖွဲ့ငယ်လေးတစ်ခု စတင်အခြေချခဲ့ပြီး ၎င်းတို့သည် စစ်ဆင်ရေး စတင်ချိန်တွင် မာဒူရို၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ မာဒူရိုရှိနေသည့် တိကျသော နေရာကို ထောက်လှမ်းပေးနိုင်ခဲ့ကြသည်။
စတီဖင် မီလာ (STEPHEN MILLER)
***********************************
သူက ဘယ်သူလဲ - အိမ်ဖြူတော်၏ မူဝါဒဆိုင်ရာ ဒုတိယအရာရှိချုပ် ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မီလာသည် ဗင်နီဇွဲလား အပါအဝင် လက်တင်အမေရိကနိုင်ငံများကို အဓိက ပစ်မှတ်ထား သည့် သမ္မတ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကျပ်သော အစီအစဉ်များကို ရေးဆွဲခဲ့သူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - မီလာသည် အိမ်ဖြူတော် အနောက်ဘက်ဆောင်၏ ကဏ္ဍအသီးသီးအပေါ် ကြီးမား သော သြဇာအာဏာကို ကျင့်သုံးသူ ဖြစ်သည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် အစိုးရအဖွဲ့သည် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးမှုများကို သိသိသာ သာ တိုးမြှင့်ခဲ့ပြီး ပြည်နှင်ဒဏ် ပေးခြင်းဆိုင်ရာ ဥပဒေကြောင်းအရ ကန့်သတ်ချက်များကို အစွမ်းကုန် တွန်းအား ပေးခဲ့သည်။
ယခုအခါ သူသည် နိုင်ငံခြားအစိုးရ တစ်ခုကို ဖယ်ရှားခြင်းဖြစ်စေ သို့မဟုတ် ဂရင်းလန်း (Greenland) ကျွန်းကို လိုအပ်သည့် နည်းလမ်းဖြင့် သိမ်းပိုက်ခြင်းဖြစ်စေ "ကမ္ဘာကြီးကို အင်အားဖြင့်သာ အုပ်ချုပ်သည်" ဟူသော အယူအဆကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြောကြားနေသူ ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
ပိ ဟက်ဆက် (PETE HEGSETH)
****************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံမှ ဖယ်ရှားခဲ့သည့် စစ်ဆင်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စစ်ဆင်ရေးအားလုံးအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဟက်ဆက်သည် မကြာသေးမီလများအတွင်း ကာရစ်ဘီယံ ပင်လယ်ပြင်၌ အမေရိကန် စစ်အင်အားကို အလုံးအရင်းဖြင့် တိုးမြှင့်ချထားရန် စီစဉ်ညွှန်ကြားခဲ့သူဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိရသော သင်္ဘောများကို ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် စစ်အင်အားကို အသုံးပြုပြီး မာဒူရိုကို ဖမ်းဆီးနိုင်ခဲ့သည့် လျှပ်တပြက် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။
လက်ရှိ ဗင်နီဇွဲလား အစိုးရအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက နောက်ထပ် စစ်ရေးအရ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နိုင်သည်ဟူသော "အင်အားသုံး ခြိမ်းခြောက်မှု" ကိုလည်း ဟက်ဆက်က ကိုင်စွဲ ထားသည်။
ခရစ် ရိုက် (CHRIS WRIGHT)
******************************
သူက ဘယ်သူလဲ - အမေရိကန်ပြည်ထောင်စု၏ စွမ်းအင်ဝန်ကြီး ဖြစ်သည်။
နောက်ခံနှင့် တာဝန် - ဗင်နီဇွဲလား၏ အနာဂတ် ရေနံလုပ်ငန်းနှင့် ကုန်သွယ်ရေး အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်၏ စွမ်းအင်မူဝါဒများအတွက် တာဝန်ရှိသူဖြစ်သည်။
ဘာကြောင့် အရေးပါသနည်း - ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို ပြန်လည် တည်ဆောက်မည့် ထရမ့်၏ စီမံကိန်းကို အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။
အမေရိကန်ကုမ္ပဏီဖြစ်သော Chevron အနေဖြင့် ဗင်နီဇွဲလားတွင် လုပ်ငန်းများ ပိုမိုတိုးချဲ့လာမည်ဟု မျှော်လင့်ရ သလို ဗင်နီဇွဲလားတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည့် ConocoPhillips နှင့် Exxon Mobil တို့လည်း ပြန်လည် ဝင်ရောက်လာလိမ့်မည်ဟု ရိုက်က ပြောကြားခဲ့သည်။
ထို့ပြင် ရိုက်က ဗင်နီဇွဲလားကို တရုတ်နိုင်ငံ၏ လက်ဝေခံနိုင်ငံ ဖြစ်လာရန် အမေရိကန်က ခွင့်ပြုမည် မဟုတ် ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ ရေနံရောင်းချမှုကိုမူ ဆက်လက် ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
