CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ 

မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် လက်ရှိအချိန်တွင် ရပ်တည်ရန် ခက်ခဲနေခြင်းကြောင့် ဟိုတယ်လုပ်ငန်းများ၌ စိန်ခေါ်မှုများစွာရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသူများက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ခရီးသွားရာသီ၌ ဟိုတယ်နှင့်ခရီး သွားလာမှုအပိုင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် ခရီးသွားလာမှုနှုန်းမှာ ကျဆင်းနေသည်ဟု ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များက ထောက်ပြကြ သည်။ 

လက်ရှိ အချိန်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ရပ်တည် လည်ပတ်သည့်အခါမှာ အဓိကအားဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိခြင်း၊ လုံခြုံစိတ်ချမှု မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေခြင်း စသည့် စိန်ခေါ် မှုများကို ရင်ဆိုင်နေရသည်ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးမှ CNI သတင်းဌာနသို့‌ ပြောသည်။ 

၎င်းက “အဓိက,ကတော့ နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိတာပေါ့နော်။ ဥပမာဆိုရင် ပုဂံလို နေရာမျိုးမှာတောင် အပြင်ကို မထွက်ရဲဘူး။ ဆိုင်းသံ၊ ဗုံသံတွေ ကြားနေရတယ်။ နောက် ပေါ်တာ ဆွဲတာတွေရှိတယ်၊ နောက် ခိုးဆိုး လုယက်မှုတွေလည်း မန္တ‌‌လေးဆို ပိုဆိုးတယ်ပေါ့။ နောက် ကျန်တဲ့ နေရာတွေမှာလည်း အဲ့လိုမျိုးပေါ့။ တိုက်ပွဲတွေ ဖြစ်တာတွေ ဥပမာ ပုဂံဆိုရင် ထန်းတောတွေ ဘာတွေမှာတောင် ထိတွေ့မှုတွေ ဖြစ်နေတယ်ပေါ့။ ပိုင်ထန်းတော တို့လို ဘာတို့လို ဝိုင်းတို့ အဲဒီနားတွေမှာ စိုးမိုးနယ်မြေတွေက လျော့ပါးလာတာ တွေ့ရတယ်။ နောက် ချောက်နဲ့ ပုဂံသွားတဲ့လမ်းဆို သွားလို့ကို မရတော့ဘူး။ အခြေအနေတွေက ကြားမှာ စိုးမိုးမှုတွေ အားနည်းလာတယ်ပေါ့။ အဲ့တာတွေကတစ်ချက် စိန်ခေါ်မှုက အဓိက,ကတော့ လုံခြုံမှုမရှိတာရယ်၊ နောက် ခုနကပြောသလို Tourist Police တွေ ဘာတွေဆိုတာလည်း အားမထားရဘူးပေါ့။ အရေးကြောင်းရှိလို့ တစ်ခုခု ဖြစ်ရင်တောင်မှ သူတို့ကို ပြန်ကူညီနေရတဲ့ အခြေအနေ ဖြစ်တာပေါ့။ အဲ့တာတွေကတော့ ကျနော်တို့ လက်ရှိ အခြေအနေအတိုင်း ကျနော် တို့က Tourism အတွက်က အများကြီး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဟိုတယ်တွေ ရပ်တည်မှု ကတော့ နည်းနည်းခက်တာပေါ့နော်။ local Market လဲ အပြည့် အားထားလို့ မရသလို Foreigner Market ကျတော့လည်း အဲ့လို အကန့်အသတ်တွေ ဖြစ်နေတာ‌ပေါ့” ဟု ပြောသည်။  

မန္တလေးဦးပိန်တံတားမှာ ခရီးသွားများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြောင်းလဲမှု အခြေအနေများကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ အနေ ဖြင့် တချို့ဒေသများ၌ သွားရောက် လည်ပတ်ရန်အတွက် အဆင်မပြေနိုင်သေးကြောင်း၊ နိုင်ငံရေးပြောင်းလဲ ဖြစ်စဥ်များကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ရန်အတွက် ဖိအားများစွာရှိသည်ဟု ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေအောင်ကိုက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒါကတော့ ပြောရမယ်ဆို နိုင်ငံရေး အပြောင်းအလဲပေါ်မှာ ပြောရမယ်ဆိုရင်တော့ ဒီအတိုက်အခံ အဖွဲ့အစည်းတွေကနေပြီးတော့မှ ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့မှ ပြောရမယ်ဆိုရင်တော့ဗျာ။ တိုင်းပြည် နစ်နာတာပေါ့။ ဒီအပေါ်မှာ အခြေခံ နိုင်ငံရေးပြောင်းလဲ ဖြစ်စဥ်ကြောင့် ဖြစ်ခဲ့တဲ့ဟာတွေကြီးပဲ။ ဒါကြောင့်မို့လို့ အခုလိုမျိုး ကျနော်တို့ ခရီးစဥ်နယ်မြေ ဒေသတွေရှိတဲ့ နေရာမှာ သွားရောက် လည်ပတ်ဖို့ အတွက်ကို တချို့ဒေသ တွေမှာဆိုရင် လတ်တလောမှာ လက်ရှိ အခြေအနေတွေမှာ သွားရောက်လည်ပတ်လို့ မဖြစ်နိုင်သေးဘူး။ ဒါသည် ခေတ္တခဏပေါ့နော်။ ဒါအမြဲတမ်း မဟုတ်ဘူး။ မကြာခင်မှာ ဒါမျိုး ဒီနေရာတွေက သွားရောက် လည်ပတ်ဖို့အတွက် တဖြေးဖြေးနဲ့ ပြန်လည်ကောင်းမွန် လာမယ်လို့လည်းပဲ ကျနော်တို့ကလည်းပဲ ယုံကြည်တယ်၊ ဟိုတယ်လုပ်ငန်းရှင် အများစုလည်းပဲ ယုံကြည်တယ်ပေါ့” ဟု‌ ပြောသည်။  

ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုများနှင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှုသည် လက်ရှိ မြန်မာနိုင်ငံ၏ နယ်မြေတည်ငြိမ်ရေးနှင့် နိုင်ငံရေး အခြေအနေပေါ် မူတည်နေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။ 

အလားတူ ပြည်တွင်း ခရီးသွားများသည်လည်း မြန်မာနိုင်ငံ၏ နယ်မြေ တည်ငြိမ်မှု ရှိ/မရှိကို ကြည့်၍ ခရီးသွား ရာသီတွင် ခရီးထွက်နေကြရသော်လည်း ပုဂံ၊ တောင်ကြီး၊ အင်းတော်၊ ကလော၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုး၊ ချောင်း သာတို့ကိုသာ သွားရောက်ကြပြီး ကျန်နေရာများသို့ မသွားရဲဘဲ ဖြစ်နေကြသည်။