CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ပေါ်ပေါက်လာသော်လည်း သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ပြမှ မြန်မာကို အာဆီယံက ပြန်လည် လက်ခံလာနိုင်ခြေရှိသည်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူများက ထောက်ပြကြသည်။

အာဆီယံက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် အပါအဝင် အချက် ၅ ချက်ကို ဖော်‌ဆောင်ရန် တောင်းဆို ထားသည်။

သို့သော် အစိုးရသစ် အနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်မည်ဆိုပါက အာဆီယံ တောင်းဆိုထာသည့် အချက် ၅ ချက်ကို ဆောင်ရွက်စရာမလိုဘဲ အာဆီယံ အသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ဆံ့ သွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ ပြုပြင်ပြောင်းလဲရေး အကြီးကြီး လိုတယ်ပေါ့နော်။ ဦးသိန်းစိန် လက်ထက်က ပြုပြင် ပြောင်းလဲရေးဆိုတဲ့ အမည်ခံ ပြောင်းလဲရေးပေါ့နော်။ အနှစ်သာရ မပါဘူးဗျ။ တချို့အရာတွေမှာလေ။ အဲဒါမျိုး ထက်ကို တကယ့်ကို အနှစ်သာရ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမယ်။ နောက်တစ်ခုက NLD ကျတော့လည်း ပြုပြင်ပြောင်းလဲရေး ဘာမှကို မလုပ်ဘူး။ စကားကို အရှေ့နောက် မညီဘဲနဲ့ ပြည်သူကို လိမ်ခဲ့တယ်ပေါ့ဗျာ။ အဲဒါ မျိုး အဲဒီနှစ်ခုကို ကျနော်တို့ ရှောင်ကျဉ်ပြီးတော့ ပြည်သူအပေါ်မှာ ကတိတည်မယ်၊ နောက်တစ်ခုက ဦးသိန်းစိန် လက်ထက်တုန်းက လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးထက်ကို အနှစ်သာရကျတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆို လို့ရှိရင် ကျနော်တို့နိုင်ငံက အာဆီယံကို အလိုအလျောက်ကို အာဆီယံကကို လာပါလာပါနဲ့ကို ဖိတ်ခေါ်တဲ့ အခြေ အနေ ရောက်သွားမယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

အာဆီယံ အစည်းအဝေးမှာ မြန်မာထိုင်ခုံ လွတ်နေစဉ်

အာဆီယံက တောင်းဆိုထားသည့် အချက် ၅ ချက်ကို ပြီးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အကောင်အထည်ဖော်ဆောင်မှု အားနည်းခဲ့သလို လုပ်ဆောင်ရန် မလိုကြောင်းလည်း တပ်မတော်ဘက်က ယူဆခဲ့ ပုံရှိကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်များက ပြောသည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရ ဖြစ်ပေါ်လာပြီ ဖြစ်သည့်အပြင် ကုလသမဂ္ဂတွင်လည်း အင်အားကြီး နိုင်ငံဖြစ်သည့် တရုတ်နှင့် ရုရှားတို့က မြန်မာအစိုးရကို ထောက်ခံပေးထားခြင်းကြောင့် အချိန်တစ်ခု ရောက်လျှင် အာဆီယံက လက်ခံပေးရမည့် အခြေအနေ ရောက်သွားကာ သမ္မတကို ဖိတ်ကြားလာမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာကို အာဆီယံ အသိုင်းအဝိုင်းက ပြန်လည်လက်ခံရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း သဘောထား ကွဲလွဲမှုများလည်း ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ကာလုံ အစည်းအဝေး ကျင်းပနေစဉ်

၎င်းက “သူကတော့ သူလုပ်ရမယ့် အလုပ်ကို လုပ်မှာပဲလေ။ အာဆီယံဝင်ခွင့် ပြန်ပြီးရဖို့အတွက် အစွမ်းကုန် ကြိုးစားရမှာပဲလေ။ ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ပိုင်းပေါ့။ ကုန်းတွင်းပိုင်း ဆိုတာကတော့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုပေါ့ သူ့ကို ထောက်ခံမှာပဲလေ။ ဟိုဘက်က စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကတော့ သဘောတူအုံးမှာ မဟုတ်ဘူးလေ။ အဲဒီ အနေအထား ရှိတယ်လေ။ နိုင်ငံခြားရေးဝန်ကြီးအသစ်က သူလာတာ ကြိုးစားကြည့်ပေါ့။ တရုတ်ရဲ့ အကူအညီက ဘယ်လောက်ရမလဲ။ အာဆီယံမူကတော့ တစ်နိုင်ငံက ကန့်ကွက်လို့ ရှိရင် ဘာမှ ဆုံးဖြတ်ချက် ချလို့မရဘူး အဲဒီလိုတော့ ရှိတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်က ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ သီဟာဆတ် လာရောက်၍ သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ အာဆီယံနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရန် ဆွေးနွေးခဲ့ကြသည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိလည်း မြန်မာနိုင်ငံသို့ ယခုလထဲမှာ လာရောက်၍ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။