CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည် ရရှိစေရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အာဆီယံထုတ်ပြန်ကြေညာချက် ၅ ချက်(အာဆီယံတူညီဆန္ဒ) အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ပူး ပေါင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးနေမှုများကို ဝန်ကြီးဦးသန်းဆွေက ချပြ ဆွေးနွေးခဲ့သည်။
၎င်းက “ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ တာဝန်သိ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံ၏ ကြိုးပမ်း အားထုတ်မှုများနှင့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုများတွင် အပြုသဘော ပူးပေါင်းဆောင်ရွက်မှု များ၊ အဖွဲ့ဝင် ဖြစ်ချိန်မှစတင်၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို မပျက်မ ကွက် ထမ်းရွက်ခဲ့မှုများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြား ချန်လှပ်ခြင်းများသည် သင့်လျော်မှုမရှိကြောင်း ထောက်ပြကာ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ နှင့် အခွင့်အရေးများ ပြန်လည်ရရှိ စေရေး တိုက်တွန်းဆွေးနွေးခဲ့သည်”ဟု ပြောသည်။
ထို့နောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဟာဆန်ကလည်း မိမိအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် အခြေအနေများကို တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ ပင်မအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အာဆီယံ ထုတ်ပြန်ကြေညာချက် ၅ ချက် (အာဆီယံတူညီဆန္ဒ) အကောင်အထည်ဖော်မှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် နည်းလမ်းဖြင့် ဆောင်ရွက်မှုများကို ထောက်ခံပါကြောင်း၊ မြန်မာ နိုင်ငံနှင့် ပိုမိုထိတွေ့ ဆက်ဆံကာ ပူးပေါင်းဆောင်ရွက်သွားမည်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား NLD အစိုးရမှ မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်သည် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာ၍ အာဏာရရှိခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပ၍ အာဆီယံတူညီဆန္ဒ အချက် ၅ ချက်ကို မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ရန် ချမှတ် ခဲ့သည်။
သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အုပ်ချုပ်ရေးယန္တရားက အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှု အားနည်းသည်ဟုဆိုကာ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးများ တက် ရောက်ခြင်းကနေ ဖယ်ချဉ်ထားသည်မှာ ယနေ့ထိပင် ဖြစ်သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က တာဝန်ယူလာသည့်အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် ဆက်ဆံရေး တဖြေးဖြေး ကောင်းမွန်လာ ခဲ့သည်။