CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
မြန်မာနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အာဆီယံအနေဖြင့် အကောင်းဆုံး ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး H.E Mr.Hasan က ပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က နေပြည်တော်မှာ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြင့် တွေ့ဆုံ ဆွေးနွေးစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
မစ္စတာဟာဆန်က “ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှု များအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။

ထို့နောက် အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် အကြံပြု ပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့မှာ ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်မြို့နယ်များကို ဆက်လက် ကျင်းပမည်ဖြစ်သည်။
 
	    	  	
	    	       
	    
	  	   
	 
		 
			 
                        
