CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၁၀

အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ နှင့် အစ္စရေးတို့ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများ လဲလှယ်ရေးတို့အတွက် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထို့ပြင် အစ္စရေးနှင့် ဟားမာ့စ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထောက်ခံပေးထား သည့် ငြိမ်းချမ်းရေးအစီအစဉ်၏ သတ်မှတ်ချက်များကို အကောင်အထည် ဖော်မည်ဖြစ်သည်။

အီဂျစ်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက် ရရှိကြောင်း ကြေညာ ခဲ့သည့် အောက်တိုဘာ ၉ ရက်၌ ပူဆွေးသောက ရောက်နေကြသည့် ပါလက်စတိုင်းများသည် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို အားရဝမ်းသာ ကြိုဆိုခဲ့ကြသည်။

အစ္စရေးနိုင်ငံ၏ မြို့များတွင်လည်း ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများ၏ မိသားစုများက ရှန်ပိန်ပုလင်း များ ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။

၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံထဲအထိ ဝင်ရောက် တိုက်ခိုက်ခဲ့သော ကြောင့် စတင် ဖြစ်ပွားသော ဂါဇာစစ်ပွဲ အချိန် ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးနောက် ထရမ့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဂါဇာသို့ အကူအညီများ ပိုမို ဝင်ရောက်လာတော့မည်ဖြစ်သည်။

ဓားစားခံများလွှတ်မြောက်ရေး ဆုတောင်းနေစဉ်

သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာတွင် ဖြန့်ကြက်ချထားသည့် အစ္စရေးစစ်သားများကို ပြန်လည် ရုပ်သိမ်းမည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်၏ အစီအစဉ်တွင် ဖော်ပြထားသည့် အချက်များထဲ၌  ဟားမာ့စ်တို့ လက်နက်စွန့်လွှတ်ရေးနှင့် ဂါဇာ ကို အမေရိကန်သမ္မတ ကိုယ်တိုင် ဦးဆောင်သော အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့က အုပ်ချုပ်မည်ဟူသော အချက်တို့ ပါဝင်နေသည်။

သို့သော် ဂါဇာကို ထရမ့်ဦးဆောင်သော အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့က အုပ်ချုပ်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျစွာ ကိုင်တွယ်ဖြေရှင်းရခြင်း မရှိသေးပေ။

ငြိမ်းချမ်းရေး သဘောတူညီချက်၏ ပထမအဆင့်အဖြစ် အသက်ရှင်နေဆဲ ဓားစာခံ ၂ဝ ကို ပါလက်စတိုင်း အကျဉ်း သား ၂ဝဝဝ နီးပါးဖြင့် တစ်ချိန်တည်းတွင် လဲလှယ်မည်ဟု ဟားမာ့စ် သတင်းအရင်း အမြစ်တစ်ခုက ပြောကြားခဲ့ပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် ၇၂ နာရီအတွင်း ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်း သားများ လဲလှယ်မှု ဖြစ်ပေါ်လာမည်ဟု ပြောကြားခဲ့သည်။

Source: အေပီ