CNI International News

ပဲရစ်၊ အောက်တိုဘာ ၁၁

ဂါဇာတွင် စစ်ပွဲအလွန် အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ အနီးစပ်ဆုံး ဥရောပမဟာမိတ်များနှင့် အာရပ်မိတ်ဖက်နိုင်ငံများက အောက်တိုဘာ ၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး အဆိုပြုချက်ကို အစ္စရေးနှင့် ဟားမာ့စ်တို့က သဘောတူခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဥရောပနှင့် အာရပ်နိုင်ငံများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမာ့စ်တို့သည် အောက်တိုဘာ ၉ ရက်က အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ငြိမ်းချမ်းရေးသည် မည်မျှ တာရှည်ခံမည်ကို မေးခွန်းများ ထွက်ပေါ် နေသည်။

ပဲရစ်မြို့တော်မှာ ပြုလုပ်သည့် အစည်းအဝေး၌ ဥရောပနှင့်အာရပ် နိုင်ငံခြားရေးဝန်ကြီးများက စစ်ပွဲအလွန် ဂါဇာတွင် ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း၌ နိုင်ငံတကာတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကဲ့သို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်။

ဂါဇာစစ်ပွဲကြောင့် ပျက်စီးမှုကို တွေ့ရစဉ် 

“လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး တွေမှာ ကျနော်တို့ လုပ်ပေးနိုင်တဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ ပါတယ်”ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုအယ် ဘာရော့ (Jean-Noel Barrot) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိသော်လည်း အစည်းအဝေး၌ ပါဝင်သည့် နိုင်ငံများက စစ်ပွဲအလွန် ဂါဇာဒေသမှာ ပါဝင်ဆောင်ရွက်လိုသော အကြောင်းအရာ များနှင့် ကူညီပေးမည့် ကိစ္စရပ်များကို အထူးပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီအချက်အလက်တွေကို အမေရိကန်နဲ့ မျှဝေသွားမှာပါ။ အဲဒါမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဘာရော့က ပြောသည်။

“ဒီအချိန်က ကျမတို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ၊ ဒါပေမယ့် စစ်ပွဲအပြီး အစီအစဉ်တွေအတွက် ကျမတို့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒါမှသာ ငြိမ်းချမ်းရေးက ရေရည်တည်တံ့မှာ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas ) က ပြောကြားခဲ့သည်။

ပဲရစ် အစည်းအဝေးကို တက်ရောက်ခဲ့ သူများထဲတွင် ဂါဇာ အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူ များထဲ၌ ပါဝင်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာဟန်အယ်သာနီ (Sheikh Mohammed bin Abdulrahman al-Thani) ၊ အီဂျစ်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်ခဲ့သည်။

Source: ရိုက်တာ